ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာကျင်းပဖို့လျာထားတဲ့ CSSU ရှမ်းပြည်ညီညွတ်ရေးကော်မတီအစည်းဝေးကို မြန်မာသံရုံးကနေ တားဆီး ပိတ်ပင်တဲ့ကိစ္စရပ်အပေါ် CSSU အလှည့်ကျသဘာပတိ RCSSဥက္ကဌ ဗိုလ်ချုပ်ကြီးရွက်ဆစ်ကနေ နိုင်ငံတော်အတိုင်ပင်ခံရုံးကို စာရေးသားပေးပို့ခဲ့တာပါ။
CSSUအနေနဲ့ တပ်မတော်ကိုရော အစိုးရကိုပါ ဆန့်ကျင်တဲ့ အကြောင်းအရာကိုဆွေးနွေးတာတို့ အစည်းဝေးလုပ်တာမဟုတ်ဘူးလို့ CSSUတာဝန်ရှိသူတွေကပြောပါတယ်။ လက်ရှိရှမ်းပြည်နယ်မှာတိုက်ပွဲတွေကြောင့် ဒေသခံ ရွာသားတွေဖမ်းဆီးခံရတာတွေရှိနေသလို JMC ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီဘက်က အရေးယူ ဆောင်ရွက်တာအားနည်းနေတယ်လို့လဲဝေဖန်ထောက်ပြနေကြပါတယ်။
ရှမ်းပြည်နယ်တွင်းက တည်ငြိမ်မှုမရှိသေးတဲ့ အခြေနေတွေကို ထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန် ကနေ စုစည်း တင်ပြထားပါတယ်။
CSSU ရှမ်းပြည်ညီညွတ်ရေးကော်မတီ အစည်းဝေးပိတ်ပင်ခြင်းကိစ္စနဲ့ပတ်သက်ပြီးရှင်းလင်းချက်ပေးဖို့ CSSU အလှည့်ကျသဘာ ပတိ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီးရွက်ဆစ်ကနေ နိုင်ငံတော်အတိုင်ပင်ခံရုံးကို မနေ့ကပဲ စာရေးသားပေးပို့တောင်းဆိုထားတယ်လို့ RCSSပြောခွင့်ရ ဒုဗိုလ်မှူးကြီးစိုင်းငိန်းကပြောပါတယ်။
“ကျွန်တော်တို့ရေးသားပေးပို့ထားတဲ့အချက်ကတော့ ကျွန်တော်တို့ရှမ်းပြည်ညီညွတ်ရေးကော်မတီအစည်းဝေးကို ထိုင်းနိုင်ငံ အခြေစိုက်တဲ့ မြန်မာစစ်သံရုံးကနေပြီးတော့ထိုင်းအစိုးရကိုမလုပ်ဖို့ပိတ်ပင်တားဆီးတဲ့ကိစ္စအပေါ် ကျွန်တော်တို့အနေနဲ့ စိတ်မ ကောင်းဖြစ်ရတဲ့အကြောင်းပေါ့နော်။ ပြီးတော့ သမ္မတဟောင်းဦးသိန်းစိန်လက်ထက်မှာဆိုရင် CSSU အစည်းဝေးကို ပိတ်ပင် တားဆီးတာမရှိသလို ကူညီအားပေးတာလဲရှိခဲ့ပါတယ်။ နိုင်ငံတော်ငြိမ်းချမ်းရေးအတွက်ကို တဖက်တလမ်းကအင်အားဖြစ်စေမယ့် ကျွန်တော်တို့ရှမ်းပြည်ညီညွတ်ရေးကော်မီတီကိုဖွဲ့စည်းထားခြင်းဖြစ်တယ်။ တပ်မတော်ကိုရော အစိုးရကိုရော ကျွန်တော်တို့ဆန့်ကျင် တဲ့ အကြောင်းအရာကိုလဲဆွေးနွေးတာတို့ အစည်းဝေးလုပ်တာတို့ အကြောင်းအရာတစုံတရာမရှိဘူး။ နောက်နောင်ကျွန်တော်တို့ အစည်းအဝေးမပိတ်ပင်ဖို့ အတွက်ကျွန်တော်တို့တောင်းဆိုတာရှိပါတယ်။”
တောင်ပိုင်းရှမ်းပြည် တပ်မတော်အပါအဝင် မြောက်ပိုင်းရှမ်းပြည်တပ်မတော် ရှမ်းနိုင်ငံရေးပါတီတွေဖြစ်တဲ့ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ ရှမ်းတိုင်းရင်းသားများတိုးတက်ရေးပါတီ SNDP တို့နဲ့ဖွဲ့စည်းထားတဲ့ CSSUရှမ်းပြည်ညီညွတ် ရေးကော်မတီရဲ့ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ဇူလိုင်(၂၀)ရက်နေ့မှာကျင်းပဖို့ စီစဉ်ခဲ့ပေမဲ့ ဒီအစည်းဝေးဟာ ထိုင်းနိုင်ငံဆိုင်ရာမြန်မာ သံရုံးရဲ့ ကန့်ကွက်မှုကြာင့် ကျင်းပခွင့်မရခဲ့ပါဘူး။
CSSU ရှမ်းပြည်ညီညွတ်ရေးကော်မတီအနေနဲ့ လာမယ့်၂၁ရာစုပင်လုံညီလာခံ တတိယအကြိမ်အစည်းဝေးအတွက် ရှမ်းအမျိုးသားအရေး တင်ပြနိုင်ရေးရည်ရွယ်ချက်နဲ့ အစည်းအဝေး ကျင်းပတာဖြစ်တယ်လို့ RCSSပြောခွင့်ရ ဒုဗိုလ်မှူးကြီးစိုင်းငိန်းကပြောပါတယ်။
“တတိယအကြိမ်မြောက်ပေါ့နော်။ ပြည်ထောင်းငြိမ်းချမ်းရေးညီလာခံ ဒီအစည်းဝေးနဲ့ပတ်သက်ပြီးတော့ အဲဒီမှာကြုံတွေ့ရတဲ့အတွေ့ အကြုံ တွေကို ပြန်လည်ပြီးတော့လာပြီးရှင်းလင်းဆွေးနွေးဖို့နဲ့ ပြီးတော့ရှေ့ဆက် ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးတဲ့နေရာမှာ အခန်းကဏ္ဍတွေရှိတာပေါ့နော်။ နိုင်ငံရေး စီးပွါးရေး မြေယာနဲ့သယံဇာတ၊ လူမှုရေး ဒီကိစ္စတွေအကြောင်းအရာနဲ့ပတ်သက်ပြီး ရှေ့မှာဆွေးနွေးသွားနိုင်ဖို့အတွက် ညှိနှိုင်းပြီးဆွေးနွေးဖို့အတွက်ရည်ရွယ်ပြီးကျင်းပရခြင်းဖြစ်ပါတယ်။”
တောင်ပိုင်းရှမ်းပြည်တပ်မတော်ဟာ မြန်မာအစိုးရနဲ့ NCA အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားပေမဲ့ မြန်မာ့တပ်မတော်နဲ့ တိုက် ပွဲဖြစ်ပွါးနေဆဲဖြစ်နေပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုန်းမြို့နယ်ထဲမှာ မြန်မာအစိုးရနဲ့NCAအပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSAနဲ့ မြန်မာ့တပ်မတော်တို့အကြားဖြစ်ပွါးခဲ့တဲ့တိုက်ပွဲကြောင့် ဒေသခံရွာသား(၁၀)ဦးအဖမ်းဆီးခံရသလို အဲဒီအထဲ ကရွာသား၃ဦးဟာ ပြန်လည်လွတ်မြောက်လာတာမရှိသေးဘူးလို့ RCSSပြောခွင့်ရ ဒုဗိုလ်မှူးကြီးစိုင်းငိန်းကပြောပါတယ်။
“သူတို့တချို့ရွာသားတွေတော့ပြန်လွှတ်ပေးတာရှိတယ်။ ဒါပေမဲ့နှစ်ယောက် သုံးယောက်တော့ကျန်ရှိဦးမယ်လို့ ကျွန်တော်တို့ကြား သိရတယ်ဗျ။ သူတို့အမျိုးသမီးပါအပါဝင်သူတို့ဖမ်းဆီးတာတော့သိရတာပေါ့နော်။”
မြန်မာ့တပ်မတော်နဲ့ RCSSတပ်ဖွဲ့တို့ ဟိုပုန်းမြို့နယ်အတွင်း ဇူလိုင်လ(၁၄)ရက်နေ့ကတိုက်ပွဲဖြစ်ပွါးခဲ့အပြီးဇူလိုင်လ ၁၈ ရက်နေ့က တပ်မတော် စစ်ကြောင်းကနေ နမ့်ခုတ်ရွာကအမျိုးသမီး တဦးအပါဝင် ရွာသား ၁၀ဦးကိုဖမ်းဆီးခဲ့သလို RCSSနဲ့ပက်သက်မှုရှိမရှိ စစ်ဆေးပြီး(၇)ဦးကိုပြန်လွှတ်ပေးခဲ့ပေမဲ့ (၃)ဦးကိုတော့ထိန်းသိမ်းထားဆဲလို့သူကပြောပါတယ်။
အဖမ်းဆီးခံရွာသား(၃)ဦးပြန်လည်လွှတ်ပေးရေးကိုရော ဒီလိုတိုက်ပွဲဖြစ်ပွါးနေ မှုတွေကိုပါJMC ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးဆိုင် ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ ကိုတင်ပြထားပေမဲ့လဲ အရေးယူဆောင်ရွက်မှုမရှိသေးတဲ့အတွက် သိပ်အားမရဘူးလို့ ဒုဗိုလ်မှူး ကြီးစိုင်းငိန်းက ပြောပါတယ်။
“လက်ရှိJMC အပေါ်မှာ သိပ်ပြီးကျေနပ်အားရမှုမရှိဘူးပေါ့နော်။ ဘာကြောင့်လဲဆိုတော့ကြားနေအနေနဲ့ ပြည်တွင်းကလူထုတွေပါဝင်မှု အားနည်းနေတယ်လို့တွေ့ရတယ်။ အခုဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ..အဲ..တပ်မတော်ဖက်ကဆိုပြီးတော့ အဲဒီသဘောလောက်ပဲ။ သူကကိုယ့်ကိုဟိုညွှန်းလိုက် သူကကိုယ့်ကိုအပြစ်ပုံချလိုက် အဲဒီသဘောလောက်ပဲ။ JMCအစည်းဝေးမှာဖြစ်နေသလို တိတိကျကျ လဲ ဖြေရှင်းမှုတွေမရရှိနိုင်သေးဘူးပေါ့နော်။ လက်တွေ့မှာဘယ်သူကမှားတယ် ဘယ်သူကမှန်တယ်။ ဘယ်လိုမျိုးပြုပြင်ပြောင်းလဲရမယ်ဆိုတာ ဒီ ကြားနေအနေနဲ့ ပါဝင်မှုကအားနည်းနေတယ်။”
ပြီးခဲ့တဲ့ဇူလိုင်လ(၁၇)ရက်နေ့တွေမှာလဲ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်ထဲမှာနှစ်ဖက် တိုက်ပွဲ ဖြစ်ပွါးခဲ့ပါတယ်။
လက်ရှိရှမ်းပြည်နယ်ထဲမှာ မြန်မာ့တပ်မတော်နဲ့ TNLAတအာင်းပလောင်တပ်ဖွဲ့ ၊ တောင်ပိုင်းရှမ်းပြည်တပ်မတော်RCSSတို့အကြား စစ်ရေးပဋိပက္ခဖြစ်ပွါးနေသေးသလို လူ့အခွင့်အရေးချိုးဖေါက်မှုခံနေရတဲ့ဖြစ်စဉ်တွေတိုးပွါးနေဆဲလို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့တွေ ကနေ ပြောဆိုမှုတွေလဲရှိနေပါတယ်။
Your browser doesn’t support HTML5