သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သျှမ်းပြည်ညီညွတ်ရေးကော်မတီ အစည်းအဝေး ပိတ်ပင်ခံရ


SSA နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ(မှတ်တမ်းဓါတ်ပုံ) မေလ ၁၉ ရက် ၂၀၁၂
SSA နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ(မှတ်တမ်းဓါတ်ပုံ) မေလ ၁၉ ရက် ၂၀၁၂

ထိုင်းနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ သျှမ်းပြည်ညီညွတ်ရေး ကော်မတီ အစည်းအဝေးကို ထိုင်းအာဏာပိုင်တွေက တားဆီးတာကြောင့် အစည်းအဝေးကို ဖျက်သိမ်းလိုက်ရပါတယ်။ မြန်မာ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာမှာ ရှမ်းနိုင်ရေး အဖွဲ့တွေ၊ လက်နက်ကိုင် အဖွဲ့တွေ တသဘောတည်း တညီတညွတ်တည်း ရှိကြဖို့ ဆွေးနွေးဖို့ စီစဉ်ထားတာလို့လည်း ရှမ်းပြည် ညီညွတ်ရေး ကော်မတီဘက်က ပြောပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ ၂၀ ရက်နေ့ကနေ့က စလို့ သုံးရက်တာ ကျင်းပဖို့ စီစဉ်ထားတဲ့ သျှမ်းပြည် ညီညွတ်ရေး ကော်မတီ (CUSS) အစည်းအဝေးကို ထိုင်းအာဏာပိုင်တွေဘက်က ဟန့်တာတာကြောင့် အစည်းအဝေး မဖြစ်မြောက်ဘူးလို့ ကော်မတီရဲ့ အကြံပေး ဦးခွန်ဆိုင်းက ပြောပါတယ်။

“ ဒီပြီးခဲ့တဲ့ ၁၈ ရက်နေ့တုန်းက ဗိုလ်မှူးချုပ် မြန်မာပြည်က စစ်သံမှူး ဘန်ကောက်မှာ ရှိတာပေါ့နော်။ သူကနေပြီးတော့မှ ထိုင်းတပ်မတော်ကို အကြောင်းကြားပါတယ်။ အခု CUSS က အစည်းအဝေးလုပ်လိမ့်မယ်တဲ့။ ဒီအစည်းအဝေးမှာ တရားဝင်ပါတီတွေလည်း ပါတယ်။ နောက်ပြီးတော့မှ မတရားအသင်းတွေလည်း ပါတယ်။ ပါပြီးတော့မှ သူတို့က အစည်းအဝေးလုပ်မယ် ဆိုတဲ့အခါကျတော့ ဒီကျနော်တို့ တိုင်းပြည်ရဲ့ ရွေးကောက်ပွဲ ဥပဒေနဲ့ ဆန့်ကျင်တာတွေရှိတယ်။ ကျူးလွန်တာတွေရှိတယ်။ နောက်ပြီးတော့မှ ငြိမ်းချမ်းရေးကိုလည်း ထိခိုက်နိုင်တယ်တဲ့။ အဲဒါကြောင့်မို့လို့ ဟန့်တားပေးပါ ဆိုပြီးတော့မှ အကြောင်းကြားလာတယ်လို့ ထိုင်းဘက်ကပြောပါတယ်။”

သျှမ်းပြည် ညီညွတ်ရေး ကော်မတီ CUSS မှာတော့ ရှမ်းပြည်တောင်ပိုင်းတပ်၊ ရှမ်းပြည် မြောက်ပိုင်းတပ်၊ နောက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် - SNLD၊ ရှမ်းတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ SNDP တို့က ဦးဆောင်ပြီး ရှမ်းပြည်တွင်းက နိုင်ငံရေး ပါတီတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ စုစုပေါင်း ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ပါဝင်မှု အပေါ် မြန်မာဘက်က စိုးရိမ်ချက် ရှိနေတာ ဖြစ်နိုင်ခြေ ရှိတယ်၊ ဒါပေမယ့် စိုးရိမ်ချက်ကို ပွင့်ပွင့်လင်းလင်း မေးမြန်းသင့်တယ်လို့လည်း ဦးခွန်ဆိုင်းက တုံ့ပြန်ပါတယ်။

“ ဒီဥစ္စာကတော့ ဖြစ်နိုင်တယ်လို့ ကျနော်ပြောလို့ရတယ်ပေါ့နော်။ ဒါပေမယ့် ဖြစ်နိုင်တယ် ဆိုလို့ရှိရင်လည်း မေးဖို့ကောင်းတာပေါ့နော်။ အဲဒါပါပဲ။ မမေးဘဲနဲ့ ကိုယ်ထင်တာကို စွတ်လုပ်တာကတော့ မသင့်ပါဘူး။ ကျနော်တို့ ဒီဆွေးနွေးခြင်း လမ်းစဉ်ဖြင့် ပြဿနာကို ဖြေရှင်းခြင်း ယဉ်ကျေးမှုကို ဖျက်ဆီးသလို ဖြစ်သွားပါတယ်။ ”

ချင်းမိုင်မြို့မှာ ၃ ရက်တာ ကျင်းပဖို့ စီစဉ်ခဲ့တဲ့ သျှမ်းပြည်ညီညွတ်ရေး ကော်မတီ CUSS ရဲ့ အစည်းအဝေးကတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ တသံတည်း ထွက်ရေး ဆွေးနွေးဖို့ ရည်ရွယ်ရင်း ဖြစ်တယ်လို့လည်း ကော်မတီရဲ့ အကြံပေး ဦးခွန်ဆိုင်းက ပြောပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ မှာ ဆွေးနွေးဖို့ ခေါင်းစဉ်က ၅ ခုရှိတယ်။ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး ၊ လူမှုရေး နောက်ပြီးတော့ မြေယာနှင့် သဘာ၀ သယံဇာတ ပစ္စည်းများ ကိစ္စ အဲဒါ ၅ ခုရှိတာပေါ့နော်။ ဒီ ၅ ခုမှာ ကျနော်တို့ ရှမ်းအဖွဲ့တွေက တယောက် တသံ စီ မဖြစ်အောင်။ တသံပဲ ဖြစ်ဖို့လိုတယ်။ အဲဒါမှ ကျနော်တို့က ပြောရတာအားရှိမယ်။ အဲဒီရည်ရွယ်ချက်ပါပဲ။”

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးမှာ ဆွေးနွေးမယ့် ကဏ္ဍ ၅ ရပ် အပေါ် ဆွေးနွေးမယ့် သျှမ်းပြည် ညီညွတ်ရေး ကော်မတီရဲ့ အစည်းအဝေးကတနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်ကို ဆန့်ကျင်နေတာ မဟုတ်ဘူးလို့လည်း ကော်မတီက ကြေညာချက် ထုတ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG