သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်ဒေသမှာ လက်နက်ကိုင် အဖျက်လုပ်ငန်း လုပ်ဆောင်မှု သတင်းထွက်ပေါ်


ရှမ်းပြည်နယ်တွင်းက ကားလမ်းမမြင်ကွင်း။
ရှမ်းပြည်နယ်တွင်းက ကားလမ်းမမြင်ကွင်း။

နေပြည်တော်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေး ကျင်းပနေချိန်မှာ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ နမ့်ဖတ်ကာနဲ့ လားရှိုးမြို့ တွေမှာ လက်နက်ကိုင်အဖွဲ့အစည်းတချို့က တံတားမိုင်းခွဲတာ၊ အခွန်ကောက်ယူတာတွေ ရှိနေတယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာနေပါတယ်။ လက်နက်ကိုင်အဖွဲ့တွေကတော့ ဒီသတင်းတွေအပေါ် စိစစ်နေကြောင်း ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ လှုပ်ရှားကြတဲ့ တရုတ်-မြန်မာနယ်စပ်အခြေစိုက် လက်နက်ကိုင် အဖွဲ့တွေ နေပြည်တော်ကို သွားရောက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အတွက် ဆွေးနွေးနေချိန်မှာပဲ အခုလို သတင်းတွေ ထွက်ပေါ်လာနေတာဖြစ်ပါတယ်။

တံတားမိုင်းခွဲတာကတော့ ကြာသပတေးနေ့ မနက်ပိုင်းက နမ့်ခမ်းနဲ့ နမ့်ဖတ်ကာ အကြားမှာဖြစ်ပွားခဲ့တယ်လို့ နမ့်ဖတ်ကာရဲစခန်းက တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။

" မနေ့က ၇နာရီခွဲမှာ အဲ့ဒီ့သောင်းကျန်းသူအဖွဲ့တဖွဲ့က တံတားကို အောက်က မိုင်းထောင်ပါတယ်ခင်ဗျ။ နမ့်ဖတ်ကာရဲ့တံတား ညာဘက်ထိပ်က သံဘောင်ကျိုးပြီး အောက်ဘက်ကို အနည်းငယ် နိမ့်ကျသွားတယ်ခင်ဗျ။ အဲ့ဒီ့အတွက်ကြောင့် ကားကြီးကားငယ် မနေ့က မနက်ခင်းပိုင်းက သွားလို့မရတော့ဘူး အဲ့ဒီ့အချိန်ကစပြီးတော့။ ဒါပေမဲ့ ဒီလမ်းမှာက ကားလေးပဲ သွားတာများပါတယ်ခင်ဗျ။ လူ၊ ယာဉ်၊ တိရစ္ဆာန် ဘာမှ မထိခိုက်ပါဘူးခင်ဗျ။ ဘာမှမရှိဘူး။ ညနေပိုင်း ၇နာရီမှာ ကျနော်တို့ ပြင်ဆင်မှု အားလုံးပြီးသွားပါပြီခင်ဗျ။ ညနေပိုင်းမှာ အားလုံး ပုံမှန်သွားလာပါတယ်ခင်ဗျ။"

ဒီလ ၂၃ရက်နေ့ကတော့ လားရှိုးမြို့ပေါ်က ဟိုတယ်တွေကို PSLF/ TNLA ခေါ် ပလောင်တပ်ဖွဲ့ကနေ ကျည်ဆံနဲ့အတူ အခွန်ကောက်ခံတဲ့စာ ပေးပို့ခဲ့တာ ကြောင့် လားရှိုမြို့ပေါ်မှာ လုံခြုံရေးတင်းကျပ်ထားတယ်လို့ ပြည်နယ်ရဲမှုးကြီး အောင်မြတ်မိုးက ပြောပါတယ်။

"ပြီးခဲ့တဲ့ ၂၃ရက်နေ့က လားရှိုးမြို့ပေါ် ဟိုတယ်ကိုးလုံးလောက်ကို လိုက်ပြီးတော့ စာအိတ်တွေထဲမှာ ကျည်ဆံတတောင့်စီထည့် စာတစောင်စီထည့်ပြီးတော့ လိုက်ဝေတာပေါ့နော်။ စာမှာ ပါတာကတော့ သူတို့ ပလောင်လွတ်မြောက်ရေးတပ်ဦးရဲ့ လုပ်ငန်းဆောင်တာတွေအဆင်ပြေဖို့အတွက်ကို ဟိုတယ်ကနေ အခွန်ငွေပေးဆောင်ရမယ် ဆိုတာ ပါပါတယ်။ အဲ့တာမှသာလျင် လုပ်ငန်းရှင်တွေက စီးပွားရေးလုပ်ငန်းတွေကို PSLF အဖွဲ့တွေအနေနဲ့ TNLA အဖွဲ့တွေအနေနဲ့ အကူအညီပေးနိုင်မယ်ဆိုတဲ့အကြောင်း အဲ့လိုမျိုးရေးထားပါတယ်။ ရေးပြီးတော့ ၂၅ရက်နေ့က Target Date ပေးပါတယ်။ အဲ့ဒီ့အပေါ်မှာ ဟိုတယ်လုပ်ငန်းရှင်တွေရော ပြည်သူလူထုရော ထိတ်လန့်နေပါတယ်။ ပြည်သူလူထု ဘာပဲပြောပြေ လုံခြုံရေးစိတ်ချရအောင်လို့ အားရှိအောင်လို့ လှည့်ကင်း၊ ရပ်ကင်း၊ စောင့်ကြည့်ကင်းတွေ ဟိုတယ်တွေမှာလည်း စောင့်ကြည့်ဖို့ ချထားရတာပေါ့။"

လားရှိုးမြို့ပေါ်က ဟိုတယ်လုပ်ငန်းရှင်တဦးက အခွန်ပေးဆောင်ဖို့ စာပေးပို့တာ ဟုတ်မှန်ကြောင်း အရင်လတွေက ဖုန်းဆက်တောင်းခံရာမှာ တချို့ဟိုတယ်တွေကို သိန်း၅၀လောက်အထိ တောင်းခံခဲ့ကြောင်း ပြောပါတယ်။

" ကျနော်တို့ဆီကို ၂၃ရက်နေ့မှာ ပို့ပါတယ်။ ကျနော်တို့ဟိုတယ်ကို ဘယ်လောက်ရယ်လို့တော့ မပြောသေးဘူး။ ရံပုံငွေသွင်းပါပေ့ါနော်။ ဒီကိစ္စကြီးက လွန်ခဲ့တဲ့သုံးလေးလကတည်းက ဟိုတယ်တွေကို လှည့်ပြီးတောင်းနေတဲ့ အနေအထားပေါ့နော် ဖုန်းနဲ့ဆက်ပြီးတော့။ တချို့ဟိုတယ်တွေကိုလည်း ငါးဆယ်ဖွင့်တာတွေလည်း ကြားတယ်ပေါ့။ ကျနော်တို့ဆီတော့ အတိအကျတော့ ဘယ်လောက်ရယ်တော့ တောင်းတာမရှိသေးပါဘူးခင်ဗျ။"

လားရှိုးမြို့ပေါ်မှာ လက်နက်ကိုင်အဖွ့ဲအစည်းတွေက အရင်က အခုလို တောင်းခံတာမ ရှိကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး PSLF/TNLA အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုး တာ့အိုက်ကျော်ကို ဆက်သွယ်မေးမြန်းရာမှာ ဒီကိစ္စကို စိစစ်နေကြောင်းနဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တွေ့ရတဲ့ စာတွေမှာ အဖွဲ့ရဲ့ တံဆိပ်တုံးနဲ့ Letter head ပါဝင်တာကို မတွေ့ရကြောင်း ပြောပါတယ်။

"ကျနော်တို့လည်း ဖေ့စ်ဘွတ်ခ်တွေ လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ ပြန့်နေတာတော့ တွေ့တယ်။ ကျနော်တို့ စိစစ်နေတယ်။ အဓိက ကတော့ ကျနော်တို့တွေ့ရတာကတော့ တံဆိပ်တုံးမပါဘူး။ ကျနော်တို့ရဲ့ Letter Head မပါဘူး။"

ဒီလ ၁၉ရက်နေ့ကလည်း မူဆယ်နဲ့ကွတ်ခိုင်အကြား ဟိုမုံးရွာအနီးမှာ ခရီးသည်တင်ယာဉ်တဦးကို မီးရှို့ဖျက်ဆီးပြီး ယာဉ်မောင်းကတဆင့် အခွန်ပေးဆောင်ဖို့ စာပေးပို့ခဲ့ကြောင်းနဲ့ စာပေးပို့တဲ့အဖွဲ့ဟာ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA က ဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲမှုးကြီးက ပြောပါတယ်။ KIA ဖက်ကတော့ သူတို့ထိန်းချုပ်နယ်မြေအတွင်းမှာ အခွန်ကောက်ခံတာရှိပေမဲ့ ဒီကိစ္စကိုတော့ စစ်ဆေးနေဆဲဖြစ်ကြောင်း တုံ့ပြန်ပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာ နမ္မတူမြို့နယ်ဖက်မှာလည်း PSLF/TNLA ပလောင်တပ်ဖွဲ့၊ RCSS/SSA တောင်ပိုင်းတပ်ဖွဲ့နဲ့ အစိုးရတပ်မတော်အကြား စစ်ရေးတင်းမာတာတွေ ရှိနေတာကြောင့် ဒေသခံပြည်သူ ၇၀၀ကျော်ဟာ နမ္မတူမြို့ပေါ်မှာ သွားရောက် ခိုလှုံနေပါတယ်။ လောလောဆည်မှာတော့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ခိုလှုံသူတွေအတွက် စားနပ်ရိက္ခာကို လူမှုဝန်ထမ်းနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ကူညီထောက်ပံဖို့အတွက် ဆက်သွယ်ဆောင်ရွက်နေ ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG