သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက် ငြိမ်းချမ်းရေး နောက်ဆုံး အခြေအနေ


ရှေ့တန်းစစ်စခန်းရောက် TNLA တပ်သားများ- သတင်းဓာတ်ပုံ-TNLA News & Information Department
ရှေ့တန်းစစ်စခန်းရောက် TNLA တပ်သားများ- သတင်းဓာတ်ပုံ-TNLA News & Information Department

မြန်မာတပ်မတော်က ကျောထောက် နောက်ခံပေးထားတဲ့ RCSS ရှမ်းပြည်တောင်ပိုင်း တပ်တွေနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် TNLA တအောင်း အမျိုးသား လွတ်မြောက်ရေး ပြောက်ကျားတပ်တွေ ကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။ အခုလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်း ဘာကြောင့် တိုက်ပွဲတွေဖြစ်နေရသလဲ၊ NLD အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ ပြန်ပြီးတွေ့ဆုံဆွေးနွေး မယ့်အခြေအနေ ဘယ်လိုရှိလဲ။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က ဆက်ပြီး ပြောပြမှာပါ။

ရှမ်းပြည်မြောက်ပိုင်းဒေသမှာRCSS ရှမ်းပြည်တောင်ပိုင်းတပ်နဲ့ TNLA တအောင်းတပ်တွေ ကြား နယ်မြေသတ်မှတ်ချက်ကို အခြေခံပြီး တိုက်ပွဲတွေ တနှစ်ကျော်ကြာ ဖြစ်ပွားနေတာကြောင့် နမ္မတူ၊ သီပေါ၊ နမ္မဆမ် ဘက်တွေမှာ စစ်ပြေးဒုက္ခသည် အရေအတွက် တိုးလာနေတာပါ။

ဒီလို အခြေအနေဆိုးလားနေတဲ့အတွက် RCSS နဲ့ ညှိုပေမဲ့ အစိုးရတပ်နဲ့ အပစ်ရပ် စာချုပ်ရေးထိုးထားတဲ့ RCSS က လက်မခံနိုင်ပဲ ဖြစ်နေပြီး၊ ဒါဟာ မြန်မာ တပ်မတော် ဘက်က RCSS တပ်တွေ ကိုကြားခံထားဖို့ မဟာဗျူဟာ အရ အသုံးချတာဖြစ်နိုင် တယ်လို့ TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော် က ပြောပါတယ်။

"မြန်မာတပ်မတော်နဲ့ ကျနော်တို့ တိုက်ပွဲဖြစ်နေတာ လေး၊ ငါးနှစ်ရှိပြီ။ မြန်မာ့ တပ်မတော်က ကျနော်တို့ ဒေသထဲ ဒီနှစ်အတွင်းထဲမှာ အင်အားတော်တော်များများ လာဖြည့်တင်းတယ်။ ဆုံးရှုံးမှုလည်း တော်တော်ကြီးပါတယ်။ ကျနော်တို့ ပျောက်ကြား စစ်ဒဏ်ကို ခံနိုင်ဖို့အတွက် မြန်မာ့တပ်မတော်က RCSS ကို ကြားခံလုပ်ပြီး ကျေျနာ်တို့ရဲ့နေရာတွေကို လာပြီး ကြားခံနယ်မြေအဖြစ် လာတည်ဆောက် တယ်လို့မြင်တယ်။ ကျနော်တို့ရဲ့ ထောက်ပို့လမ်းကြောင်းတွေကို တိုင်းရင်းသား RCSS တွေ လာပြီးတော့မှ ဖျက်ဆီးနိုင်အောင် ကျနော် တို့ ပျောက်ကြားတွေကို အလုပ်မလုပ်နိုင်အောင် လာပြီးတော့ ဆောင်ရွက် တယ်။ ဒါဟာ ဗျူဟာ ကျကျ လာပြီးတော့ ဆောင်ရွက်တဲ့ ကိစ္စဖြစ်လို့ ကျနော်တို့က ပထမညှိနှိုင်းတယ်။ ညှိနှိုင်းလို့အဆင်မပြေလို့ ဒီလို နှစ်ဘက် တိုက်ပွဲဖြစ်ရတဲ့ အဆင့်အထိ ရောက်တာဖြစ်ပါတယ်။"

အခုလို TNLA နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ RCSS ဘက်ကနေ မြန်မာတပ်မတော်က ကူပြီး တိုက်ပေးနေတဲ့အတွက် အခြေအနေ ပိုပြီးရှုပ်ထွေးလာသလို ငြိမ်းချမ်းရေး အတွက်လည်း အလှမ်းဝေးသွားတယ်လို့ မြန်မာ့အရေးသုံးသပ်သူ ဦးနိုင်အောင် က ပြောပါတယ်။

" ရှမ်းပြည်ရဲ့ လက်နက်ကိုင်တိုက်ပွဲပြသနာကတော့ တော်တော်လေး ရှည်ရှည်ကြာကြာ ရှိခဲ့ပြီပေါ့နော်။ ဗဟိုအစိုးရကို လက်နက်ကိုင်တိုက်နေတဲ့ တပြိုင်နက်တည်းမှာပဲ ရှမ်းပြည်နယ်ထဲမှာ ရှိနေတဲ့ တိုင်းရင်းသားအင်အားစုတွေက မပြေမလည်ဖြစ်ခဲ့ကြတာပေါ့။ ဆိုတော့ အခုလိုမျိုး အစိုးရက တိုင်းရင်းသား အချင်းချင်းကို အသုံးပြုပြီး တိုက်တယ်ဆိုရင်တော့ ပြသနာက ဒီ့ထက်ပိုပြီးတော့ ပိုကြီးသွားမယ် ပိုပြီးတော့မှ ပြသနာက ရှင်းလို့မရအောင် ရှုပ်ထွေးသွားမယ့် အနေအထားမျိုး ဖြစ်နိုင်တယ်။ သိတဲ့အတိုင်းပဲ ကျနော်တို့တိုင်းပြည်က ဖက်ဒရယ်ပြသနာကို လုပ်မယ်ဆိုရင်တောင်မှ ရှမ်းပြည်နယ်ထဲမှာ ရှိတဲ့ တိုင်းရင်းသားတွေ အတွက်ကို ရှမ်းပြည်နယ်တွင်း ဖက်ဒရယ် Issue ကိုက အများကြီး ကျနော်တို့ ရှင်းကြရဦးမှာလေ။ ဝ လည်းရှိတယ်။ ရှမ်းလည်းရှိတယ်။ ပလောင် အစရှိသဖြင့်ပေါ့။ ကျနော်တို့ကလည်း စစ်တပ်ကို မေတ္တာရပ်ခံချင်တာကတော့ တိုင်းရင်းသားအချင်းချင်းဖြစ်တဲ့ ဥစ္စာမျိုးကို ကိုယ်က ဗဟိုစစ်တပ် အနေနဲ့ပြောမယ် ဆိုရင် ကိုယ်က ထိန်းထိန်းညှိညှိ လုပ်ရမယ့်အနေအထားမျိုးမှာ ပိုပြီးတော့ မှ သွေးမြေကျ လာအောင် တယောက်နဲ့တယောက် မုန်းတီးမှုတွေ မများ လာအောင် လို့ လုပ်ခြင်းအားဖြင့် ငြိမ်းချမ်းရေးကို လုပ်သင့်တယ်လို့ ထင်ပါတယ်။"

ဒီအတောအတွင်း KIA၊ TNLA၊ MNDAA၊ AA စတဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ NLD အစိုးရငြိမ်းချမ်းရေးကော်မရှင် တို့ကြား ဆွေးနွေးမှုတွေလုပ်ဖို့ ကြိုးစားနေကြပေမဲ့ အခုထိ မအောင်မြင်သေးတဲ့အတွက် ဒီဇင်ဘာလကုန်ပိုင်းမှာ ထပ်မံတွေ့ဆုံဆွေးနွေး ဖို့ ပြင်ဆင်နေကြောင်း အစိုးရငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒါပေမဲ့လည်း UWSA ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ကို သက်သေအဖြစ် ပါဝင်ခွင့်ပြုဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ အဆိုပြုချက်ကို အခုချိန်ထိ အစိုးရဘက်က သဘောထား မတုန့်ပြန်သေးဘူးလို့ TNLA ဗိုလ်မှူးကြီး တာဘုန်းကျော် ကပြောပါတယ်။

" ကျနော်တို့ ကမ်းလှမ်းထားတာတွေက ကျနော်တို့ဘက်က တွေ့ဆုံညှိနှိုင်းဖို့ ကျန်တာရှိမယ်။ ကျနော်တို့ အခု မဟာမိတ်(၄) ဖွဲ့အပါအဝင်ပေါ့ ဝအဖွဲ့ကိုရော ကျနော်တို့ တွေ့ဆုံဆွေးနွေးတဲ့အထဲမှာ ပါဝင်ဖို့ ကျနော်တို့ အဆိုပြုထားတာရှိပါတယ်။ အစိုးရဘက်ကလည်း တွေ့ဖို့ဆန္ဒရှိတယ်လို့ပြောတယ်။ အစိုးရဆီကတော့ တုန့်ပြန်မှုတော့ မရသေးပါဘူးခင်ဗျ။ "

မအင်ကြင်းနိုင် ။ ။ နောက်ပြီးတော့ အစိုးရဘက်ကပြောတဲ့ တဖွဲ့ချင်းစီနဲ့ သီးသန့်တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်ရဲ့ ကမ်းလှမ်းချက် အပေါ်မှာရော မြောက်ပိုင်း မဟာမိတ်အဖွဲ့က ဘယ်လိုတုန့်ပြန်ထားလဲရှင့်။

" အခုတိုက်ပွဲတွေ တရစပ် ဆက်တိုက်ဖြဖစ်နေတာက အခုမြောက်ပိုင်း မဟာမိတ်ဒေသတွေမှာဖြစ်တယ်။ ကျနော်တို့ တပ်ဖွဲ့တွေနဲ့ဖြစ်နေကြတယ်။ ကျနော်တို့ မြန်မာနိုင်ငံက အပစ်အခတ်ရပ်စဲရေး တကယ် လုပ်ကြမယ် နိုင်ငံရေးဆွေးနွေး ပွဲတွေ တကယ်လုပ်ကြမယ်။ ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေ တကယ်လုပ်ကြမယ်ဆိုရင် အခုတိုက်ပွဲဖြစ်နေတဲ့ မဟာမိတ်အဖွဲ့တွေ အကုန်လုံး တစုတစည်းတည်း ထိုင်ပြီးတော့မှ သက်ဆိုင်ရာ နိုင်ငံတော်ရဲ့ တာဝန်ရှိသူတွေ နဲ့ ဆွေးနွေးကြမယ်ဆိုရင်အချိန်လည်း အကုန်သက်သာမယ်။ အဖြေမှန်နဲ့လည်း အနီးစပ်ဆုံး ဆောင်ရွက်နိုင်မယ်လို့ ကျျနော်တို့ တကယ် ယုံကြည်တယ်။ တဖွဲ့ချင်းဆိုရင် ကျနော်တို့ အချိန်တွေ ကြာသွားလိမ့်မယ်လို့ ကျနော်တို့မြင်ပါတယ်။"

အခုလို နှစ်ဖက် တွေ့ဆုံဖို့ စီစဉ်နေချိန်မှာ မြန်မာတပ်မတော်ဘက်က ထိုးစစ်တွေဆက်ပြီးရှိနေတာဟာ နှစ်ဘက်ယုံကြည်မှု အပြန်အလှန်ရဖို့ ပျက်ပြားစေကြောင်း ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောပါတယ်။

တနင်္ဂနွေနေ့မှာပဲ ရှမ်းအရှေ့မြောက်ဒေသမှာ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ မြန်မာတပ်မတော်ကို KIA နဲ့ TNLA အဖွဲ့ဝင် (၆၀)လောက် တိုက်ခိုက်ခဲ့ပေမဲ့ တပ်မတော်ရဲ့ ပြန်လည်တိုက်ခိုက်မှုကြောင့် လက်နက်ကိုင်အဖွဲ့တွေ ဆုတ်ခွာသွားတယ်လို့ အစိုးရပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG