ရပ်ရွာဓလေ့ နဲ့ တရားဥပဒေ

Detained Reuters journalist Wa Lone speaks to the media at a court in Yangon, Myanmar June 18, 2018. REUTERS/Ann Wang - RC15B26650E0

Your browser doesn’t support HTML5

ရပ်ရွာဓလေ့နဲ့ တရားဥပဒေ

မွန်ပြည်နယ်က မြို့နယ် (၁၀) ခုစလုံးမှာ တရားဥပဒေကို လေးစားလိုက်နာမှု အားနည်းတဲ့အတွက် ရာဇဝတ်မှု ကျူးလွန်သူကို အရေးမယူနိုင်ကြောင်း လွန်ခဲ့တဲ့ ဇွန်လ (၈) ရက်နေ့က ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးကြပါတယ်။ ရေလုပ်သားလစာကို ခေါင်းပုံဖြတ်မှု၊ လူကုန်းကူမှု၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးက မြေကွက်ရောင်းစားမှုစတဲ့ ပြဿနာတွေကို ဆွေးနွေးကြပါတယ်။ တရားဥပဒေ စိုးမိုးမှု အားနည်းနေတာကို ကျိုက်ထို၊ မော်လမြိုင်နဲ့ ရေးမြို့နယ်မှာ ပြည်သူလူထုက မေလမှာ (၃) ရက်ဆက်တိုက် ဆန္ဒပြကြပါတယ်။ မတရားလုပ်တာတွေကို သည်းမခံနိုင်တော့လို့ ပေါက်ကွဲလာတဲ့သဘောဖြစ်ပုံ ရပါတယ်။

သုတေသီတွေဖြစ်တဲ့ Lisa Denney, William Bannett နဲ့ ခင်သက်စိန်တို့က မော်လမြိုင်နဲ့ ရေးမြို့နယ်။ ရန်ကုန်တိုင်းက ဒလ၊ ရွှေပြည်သာ နဲ့ လှိုင်သာယာတို့မှာ ၂၀၁၆ မှာ ကွင်းဆင်းလေ့လာထားတဲ့ My Justice အစီရင်ခံစာမှာလည်း တရားဥပဒေစိုးမိုးမှု အားနည်းပုံကို ဖော်ပြထားပါတယ်။ တရားမျှတမှုနဲ့ ပတ်သက်ပြီး ပြည်သူ့သဘောထား မေးမြန်းတဲ့အခါ “ကြီးတဲ့အမှုငယ်စေ၊ ငယ်တဲ့အမှုပျောက်စေ” လို့ ဖြေကြပါတယ်။ ဒါကိုကြည့်ရင် အမှုအတော်များများကို တရားဥပဒေအရ ဖြေရှင်းတာမဟုတ်ဘဲ၊ အောက်ခြေမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေပုံ ရပါတယ်။ ဘဝဝဋ်ကြွေးကြောင့် ဒုက္ခဖြစ်တယ်လို့ ယုံကြည်သူတွေလည်း ရှိပါတယ်။

တရားဥပဒေအရ အရေးယူဖို့ ငွေကြေးမတတ်နိုင်သူတွေ များပါတယ်။ ဥပမာ သက်ငယ်မုဒိမ်းမှု (၁) မှုကို My Justice အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မွန်ပြည်နယ်မှာ (၁၀) နှစ် သမီးကို မုဒိမ်းကျင့်သူဟာ လူကြီးလူကောင်းဖြစ်လို့ ရပ်ကျေးအာဏာပိုင်တွေက ပထမတော့ မယုံပါဘူး။ ဆေးခန်းမှာ စစ်ဆေးတဲ့ အထောက်အထားနဲ့ ရဲကိုတိုင်မှ မုဒိမ်းသမား အဖမ်းခံရပါတယ်။ ငွေကြေးအကုန်အကျများမယ့် အမှုကြီးဖြစ်လို့ မိန်ခလေးဘက်က Marie Stopes လူမှုရေးအဖွဲ့ရဲ့ ငွေကြေးအကူအညီနဲ့ တရားစွဲပါတယ်။ တနှစ်လောက် အမှုစစ်ပြီး ရုံးချိန်များစွာကြာတဲ့အခါ မုဒိမ်းတရားခံ ထောင် (၁၀) နှစ် ကျသွားပါတယ်။ အသင်းအဖွဲ့ အကူအညီ မရခဲ့ရင် အရေးယူဖို့ မလွယ်တဲ့သဘော ဖြစ်ပါတယ်။ ကျိုက်မရောမြို့နယ် ဦးလေးကျေးရွာက (၁၃) နှစ် သမီးကို မုဒိမ်းကျင့်တဲ့ ကျောင်းထိုင်ဘုန်းကြီးကို အာမခံနဲ့ လွှတ်ပေးထားတဲ့ အမှုကိုလည်း မွန်ပြည်နယ်လွှတ်တော်မှာ လွန်ခဲ့တဲ့ ဇွန်လက ဆွေးနွေးကြပါတယ်။

ကျေးလက်ယုံကြည်ကိုးကွယ်မှုဓလေ့ကို အလွဲသုံးစားလုပ်တဲ့ ဘုန်းကြီးအချို့သတင်းကို ပြည်တွင်းသတင်းမှာ ဖော်ပြပါတယ်။ ဘုန်းကြီးကျောင်းမှာ ခေတ္တနေထိုင်တဲ့ မူလတန်းကျောင်းသူ (၄) ဦးကို ပုသိမ်မြို့နယ် ရေသိုးရွာ စိတ္တသုခကျောင်းက တဦးတည်းသော ဘုန်းကြီးဦးနန္ဒသီရိက အဓမ္မပြုကျင့်တဲ့သတင်းကို မေလ (၂၄) ရက်နေ့ထုတ် Myanmar Now သတင်းစာမှာ ဓါတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။ “လူဆိုရင် ဓါးနဲ့ခုတ်တယ်၊ ဘုန်းကြီးဆိုတော့ မတတ်နိုင်ဘူး” လို့ ကလေးတဦးရဲ့မိဘက ပြောဆိုပါတယ်။ ဦးနန္ဒသီရိဟာ လွတ်မြောက်ထွက်ပြေးသွားပါတယ်။ ဧရာဝတီတိုင်းမှာ မနှစ်က မုဒိမ်းမှု (၂၄၃) မှု ဖြစ်ပွားတဲ့အနက် (၁၅၆) မှုဟာ အသက်မပြည့်တဲ့ ကလေးသူငယ်တွေကို ကျူးလွန်တဲ့ပြစ်မှုတွေ ဖြစ်ပါတယ်။

မိန်းမကို အနိုင်ကျင့်တဲ့ အိမ်တွင်းအကြမ်းဖက်မှုဟာ တရားရုံးမရောက်ဘဲ ပျောက်ပျက်ကုန်တာ များပါတယ်။ ဥပမာ လူဦးရေသန်း (၅၀) ကျော်ရှိတဲ့ တိုင်းပြည်မှာ အိမ်တွင်းအကြမ်းဖက်မှု (၇၄၁) မှုကိုသာ ၂၀၁၄ ရဲမှတ်တမ်းမှာ တွေ့ရတာကိုကြည့်ရင် အမျိုးသမီးပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအများစုဟာ ကွယ်ပျောက်ကုန်တဲ့သဘော ဖြစ်ပါတယ်။ ကျေးလက်လူထုဟာ ပြဿနာဖြစ်ရင် အိမ်နီးချင်း၊ ရပ်ကွက်လူကြီး၊ ဆယ်အိမ်ခေါင်း၊ ရပ်ကွက်အသင်းနဲ့ ပါတီကိုယ်စားလှယ်တွေကို အကူအညီ တောင်းလေ့ရှိပါတယ်။ နောက်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ရဲစခန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်တရားရုံး စသဖြင့် အဆင့်ဆင့် တက်သွားပါတယ်။ ပြဿနာကို ဘဝဝဋ်ကြွေးအဖြစ် သတ်မှတ်ပြီး ငြိမ်ခံနေသူတွေလည်း ရှိပါတယ်။ သူတို့ဟာ လွှဲမှားတဲ့ ဘာသာရေးယုံကြည်ချက်ကြောင့် ဒုက္ခရောက်နေသူတွေ ဖြစ်ပါတယ်။

NLD အစိုးရ တက်လာကတည်းက တရားဥပဒေ စိုးမိုးရေးကို ကြွေးကြော်လာတဲ့အတွက် ဥပဒေနဲ့ တရားရေးဆိုင်ရာ နိုင်ငံခြားအဖွဲ့အစည်းအချို့ဟာ မြန်မာ့လူ့ဘောင်က တရားမျှတရေး သဘောတရားတွေကို စုံစမ်းလေ့လာပြီး အကြံဉာဏ်ပေးကြပါတယ်။ တရားဥပဒေကို ဘယ်လိုကျင့်သုံးရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင်တန်းလည်း ပေးပါတယ်။ ဒါပေမဲ့ ပြဿနာကြီးငယ်ကို အောက်ခြေမှာသာ ဖြေရှင်းတဲ့ဓလေ့နဲ့ ငွေကြေးအခက်အခဲကြောင့် ပိုပြီးတရားမျှတအောင် ဘယ်လိုလုပ်ရမယ်ဆိုတာဟာ နိုင်ငံခြားပညာရှင်တွေ မတတ်နိုင်တဲ့ကိစ္စပါ။ အုပ်ချုပ်ရေးနဲ့ မကင်းတဲ့ တရားစီရင်ရေးလည်း ရှိပါတယ်။

အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းသွားမယ်ဆိုရင် တရားစီရင်ရေးနဲ့ ပြဿနာဖြေရှင်းရေးဓလေ့ကို ပြောင်းလဲစေနိုင်ပါတယ်။ ပြည်သူလူထုမှာ ဥပဒေနဲ့ ပတ်သက်တဲ့ ဗဟုသုတ နည်းပါးနေတာဟာလည်း တရားဥပဒေ စိုးမိုးရေး အကောင်အထည်ဖော်ရာမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတခု ဖြစ်ပါတယ်။ ဥပဒေဆိုင်ရာ ဗဟုသုတ မရှိရင် တရားမျှတမှုရဲ့ အဓိပ္ပါယ်ကိုလည်း နားလည်ဖို့ ခက်ခဲပါတယ်။ အစိုးရကတော့ ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ဦးစားပေးတာမို့ “ကြီးတဲ့အမှုငယ်စေ၊ ငယ်တဲ့အမှုပျောက်စေ” ဆိုတဲ့ ဓလေ့ကို သဘောကျနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ ပြည်သူ့အတွက် တရားမျှတမှု မဟုတ်ကြောင်း My Justice အဖွဲ့က သုံးသပ်ထားပါတယ်။