ဒေါ်အောင်ဆန်းစုကြည် တရုတ်ချစ်ကြည်ရေးခရီးစဉ် စတင်

ဒေါ်အောင်ဆန်းစုကြည် တရုတ်ချစ်ကြည်ရေးခရီးစဉ် စတင်

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်ကို ဒီကနေ့ စတင်ပါတယ်။ တရုတ် ဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်တဲ့ ၅ ရက်ကြာ ခရီးစဉ် အတွင်း တရုတ် သမ္မတ၊ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီးတို့နဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချုပ်တွေ လက်မှတ်ရေးထိုးဖို့လည်း ရှိတယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ် ဆိုင်ရာ သတင်းကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြမှာပါ။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့ခင်းပိုင်းမှာဘဲ ရန်ကုန်မြို့ကနေ တရုတ်နိုင်ငံ ကူးမင်းမြို့ကို တရုတ်လေကြောင်းလိုင်းနဲ့ ထွက်ခွာသွားတာ ဖြစ်ပါတယ်။ ကူမင်းမြို့နေ တဆင့် မြို့တော် ဘေဂျင်းကို ဆက်လက်ထွက်ခွာမှာပါ။တရုတ် ဝန်ကြီးချုပ် လီခချန်းရဲ့ ဖိတ်ကြားချက်နဲ့ နိုင်ငံတော် ခရီးစဉ် အဖြစ် သွားရောက်တဲ့ ၅ ရက်ကြာ ခရီးစဉ် အတွင်း တရုတ် ထိပ်တန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အဖွဲ့ အတွင်းရေးမှူး ဒေါ်အေးအေးစိုးက ပြောပါတယ်။

“အဓိကတော့ ဒီခရီးစဉ်ကြီး တခုလုံး အစီအစဉ်က သွားရတဲ့ ရည်ရွယ်ချက်ကတော့ နှစ်နိုင်ငံကြားမှာ ရှိထားပြီးတဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဒီထက်ခိုင်မာအောင် အဓိကသွားတာပါ။ သိတဲ့အတိုင်းပဲ အခုက အမတို့က အစိုးရသစ် အဖွဲ့အသစ်။ ဒါပေမယ့် အမတို့သွားစရာ နိုင်ငံတွေအများကြီးထဲမှာ တရုတ်ကတော့ လောလောဆယ်တော့ အမတို့ဝန်ကြီးက အရင်ဆုံးသွားလိုက်တာပါ။ နောက်တော့ ၂ နိုင်ငံ ဆက်ဆံရေးအတွက် တိုးတက်ကောင်းမွန်အောင် လုပ်မယ်ဆိုတဲ့ အတွက်ကြောင့် ဒါက ရှင်းရှင်းပြောရင် bilateral visit သက်သက်ပဲပေါ့လေ။ အစီအစဉ်ကတော့ နိုင်ငံခြားရေး ဝန်ကြီးနဲ့တွေ့မယ်၊ တရုတ်ဝန်ကြီးချုပ်နဲ့တွေ့မယ်၊ နောက်တော့ သမ္မတကြီးနဲ့ တွေ့ပါမယ်ရှင့်။”

ခရီးစဉ် အတွင်းမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချုပ်တွေ လက်မှတ်ရေးထိုးဖို့ ပြင်ဆင်သွားသလို ပြည်ထောင်စု ဝန်ကြီး တချို့လည်း လိုက်ပါသွားပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာန ကောင်စစ်ရေးရာနဲ့ ဥပဒေရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက အခုလို ပြောပါတယ်။

“ နှစ်နိုင်ငံကြားမှာတော့ ပူးပေါင်းဆောင်ရွက်တဲ့ စာချုပ် ၂ ခုတော့ လက်မှတ်ထိုးနိုင်အောင် ကြိုးစားသွားတာပဲလေ။ အဲဒီ စာချုပ် ၂ ခုကတော့ မူလ တုန်းကတော့ ကွန်လုံတံတားနဲ့ ပတ်သက်ပြီးတော့ တည်ဆောက်ရေးလား၊ ကွန်လုံတံတားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းလားမသိဘူး အဲဒီတခုရယ်၊ နောက်တခုကတော့ ရန်ကုန်နဲ့ မန္တလေးမှာ ဆေးရုံတည်ဆောက်ဖို့ ကိစ္စပါရှင့်။ အဲဒါနဲ့ ပတ်သက်တဲ့ နားလည်မှု စာချွန်လွှာ သဘောမျိုး Exchange of note ပေါ့ ထိုးမယ်ဆိုတာ စီစဉ်နေတာရှိတယ်။ ဒါပေမယ့် လောလောဆယ် ခရီးထွက်သွားတဲ့အချိန်အထိ အဆင်ပြေလား မပြေလားဆိုတာ သက်ဆိုင်ရာဌာနက ဘာမှ မပြောသွားဘူး။ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ပါသွားပါတယ်။ ပြည်ထောင်စု ဝန်ကြီး။ နောက်ပြီး လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးပါသွားပါတယ်။ နောက်စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါသွားပါတယ်ရှင့် ပြီးတော့ ကျမတို့ ဒုတိယဝန်ကြီး ပါပါတယ်။”

အတိုင်းအတာ တခု အထိ လွတ်လပ်မှု ရှိခဲ့တဲ့ မြန်မာ့ သမိုင်းဝင် ရွေးကောက်ပွဲ မတိုင်ခင် ၂၀၁၅ ခုနှစ် အတွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အတိုက်အခံ ပါတီ ခေါင်းဆောင် အဖြစ်နဲ့ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး တရုတ် သမ္မတ အပါအဝင် ထိပ်တန်း ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့သေးတာပါ။ ဒါကြောင့်လည်း အခု ခရီးစဉ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယမြောက် တရုတ်နိုင်ငံ ခရီးစဉ် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတကြိမ်မှာတော့ နိုင်ငံတော် အကြီးအကဲ တဦးအနေနဲ့ သွားရောက်တာမို့မြန်မာနိုင်ငံတွင်း အဓိက ရင်းနှီးမြှုပ်နှံသူ တရုတ်ရဲ့ အငြင်းပွားဖွယ် မြစ်ဆုံရေကာတာ တည်ဆောက်ရေး စီမံကိန်း အပါအဝင် တခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးလိမ့်မယ်လို့လည်း အများက ရှုမြင်ထားကြပါတယ်။ တရုတ်အစိုးရဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု တရုတ်ခရီးစဉ်ကနေ နှစ်နိုင်ငံ ဆက်ဆံရေး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး အပြင် နှစ်နိုင်ငံ ပြည်သူတွေ ရင်းနှီးချစ်ကြည်မှု တိုးလာရေးတို့ပါ မျှော်လင့်ထားတဲ့ အကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက ဒီရက်ပိုင်း အတွင်းမှာဘဲ ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

ဒေါ်အောင်ဆန်းစုကြည် တရုတ်ချစ်ကြည်ရေးခရီးစဉ် စတင်