မြန်မာနိုင်ငံမှာ အကျဉ်းချခံရသူတချို့ကို အများရှေ့မှာ အမှုစစ်ဆေးခြင်းမရှိဘဲ တံခါးပိတ် ကြားနာမှုပြုပြီး သေဒဏ်ချမှတ် ကွပ်မျက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က အနီးကပ်စောင့်ကြည့်နေကြောင်း ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန် အင်းစိန်အကျဉ်းထောင်ထဲမှာ သေဒဏ်ကျခံနေရသူ ၅ ဦးကို ထောင်ထဲမှာပဲ လျှို့ဝှက်စွာ အမှုစစ်ဆေးပြီးတဲ့နောက် သေဒဏ် ချမှတ်ပြီး မနက်ဖြန် စက်တင်ဘာ ၂၄ ရက်နေ့မှာ စစ်ကောင်စီက ကြိုးပေးကွပ်မျက်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်း ထွက်ပေါ်လာတဲ့အပေါ် IIMM က အခုလို ကြေညာချက် ထုတ်ပြန်တာဖြစ်ပါတယ်။
တရားမျှတတဲ့ စုံစမ်းစစ်ဆေးမှုအတွက် လိုအပ်တဲ့ အခြေခံ အချက်အလက်တွေကို မလုပ်ဘဲ သေဒဏ်ချမှတ်တာ၊ ဒါမှမဟုတ် အချိန်တခုအထိ ချုပ်နှောင်ထားတာဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ ဒါမှမဟုတ် စစ်ရာဇဝတ်မှု ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဒဏ်ချမှတ်ခံရသူတွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက် ရန်ကုန်မြို့ပတ် ရထားပေါ်မှာ သေနတ်နဲ့ ပစ်ခတ်မှုအတွင်း ပါဝင်ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတဦး အပါအဝင် ၅ ဦးဖြစ်ပါတယ်။ သူတို့တွေကို အကြမ်းဖက်ဥပဒေ၊ လက်နက်ဥပဒေတို့နဲ့ တရားစွဲဆိုခဲ့ပြီး မသေမချင်း ကြိုးပေးသတ်ဖို့ လှိုင်မြို့နယ် တရားရုံးက အမိန့်ချခဲ့တာ ဖြစ်ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီပြန်ကြားရေးအဖွဲ့ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တုံ့ပြန်ချက် တစုံတရာ မရသေးပါဘူး။
IIMM အဖွဲ့ကတော့ အခုလို တရားမျှတမှုမရှိတဲ့ သေဒဏ်ချမှတ်မှုတွေနဲ့ တရားစွဲဆိုထားတဲ့အမှုတွေအတွက် အချက်အလက်တွေ စုဆောင်းနေကြောင်းလည်း ပြောပါတယ်။
Your browser doesn’t support HTML5