သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းစိန်နဲ့ မုံရွာက နိုင်ကျဉ်းတွေ အပါအဝင် အကျဉ်းသားရာနဲ့ချီ ထောင်ပြောင်း


ရန်ကုန်မြို့ရှိ အင်းစိန်ထောင် အဝင်တံခါးတခုကိုတွေ့ရစဉ် (ဧပြီ ၁၇၊ ၂၀၂၃)
ရန်ကုန်မြို့ရှိ အင်းစိန်ထောင် အဝင်တံခါးတခုကိုတွေ့ရစဉ် (ဧပြီ ၁၇၊ ၂၀၂၃)

စစ်ကောင်စီဟာ အကျဥ်းထောင်တချို့မှာ ရှိနေတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ရာနဲ့ချီပြီး ထောင်တွေ ပြောင်းရွှေ့ခဲ့တယ်လို့ ထောင်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ဗွီအိုအေကို အတည်ပြုပါတယ်။ ရန်ကုန် အင်းစိန်ထောင်နဲ့ စစ်ကိုင်း မုံရွာထောင် ၂ ခုလုံးမှာ ထိန်းသိမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော် ထောင်ပြောင်းရွှေ့ခံခဲ့ရတဲ့ အခြေအနေ ရန်ကုန်ကနေ သတင်းပေးပို့ထားတယ်။

အင်းစိန်ထောင်မှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ နီးပါးအပါအ၀င် အကျဥ်းသား စုစုပေါင်း ၅၀၀ နီးပါးလောက်ကို စက်တင်ဘာ (၂၂) ရက် မနေ့က သာယာဝတီနဲ့ ဒိုက်ဦးထောင်ကို ပြောင်းရွှေ့ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဦးသိုက်ထွန်းဦးက ဗွီအိုအေကို ပြောပါတယ်။

အယောက် ၂၀၀ လောက်ပြောင်းတယ်။ နိုင်ကျဉ်းအရေအတွက်တော့ အတိအကျမရသေးဘူးပေါ့၊ ၂၀၀လောက်ပြောင်းတယ်။ ထောင်ဒဏ် ၁၀နှစ် အထက်၊ ၅နှစ်အထက်တွေလည်း ပါတာပေါ့။ အရေအတွက် အတိအကျတော့ မသိရဘူး။ ကျား ၁၀၀ လို့တော့ သိရတယ်၊ သာယာဝတီကို ရောက်တာကလေ။ အမျိုးသမီးကတော့မသိရသေးဘူး၊ ၂၀၀ ဝန်းကျင် လောက်ရှိမယ်။ အဲဒါ သာယာဝတီရောက်တာ ၉ခွဲ ၁၀ခွဲလောက်မှာ ရောက်ခဲ့တာ။ ဒိုက်ဦးကိုတော့ ၁၂နာရီဝန်းကျင်လောက်မှာ ရောက်တယ်လို့ သိထားရတယ်။ ၂၆၀လောက်ရောက်တယ် ပြောတယ်။ ကျား/မ ဘယ်လောက်ဆိုတာ မသိရသေးဘူး။ အဓိကက နိုင်ကျဉ်းတွေပါတယ်။ ၁၀နှဏ်အထက်၊ ၅နှစ်အထက်တွေပါတယ်လို့ ကျနော်တို့သိထားတယ်။

မုံရွာထောင်မှာလည်း စက်တင်ဘာလ (၂၁) ရက်နေ့က နိုင်ငံရေးအကျဉ်းသား ၁၀၀ ကို ချင်းတွင်းမြစ်တလျှောက် ရေကြောင်းကနေ သင်္ဘောနဲ့ ပြောင်းရွှေ့ ခဲ့တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ဝင်တဦးက ခုလို ပြောပြပါတယ်။

ကျနော်သိသလောက် နိုင်ကျဉ်းတွေဘဲ။ ဘယ်သူတွေပါလဲဆိုတာ ကျနော်တို့ တိကျမသိရသေးဘူး။ သူတို့ကိုပို့တဲ့နေရာ မရောက်သေးဘူးလို့ သိထားတယ်။ ရေကြောင်းကနေ သင်္ဘောကနေခေါ်သွားတာ။ လူဦးရေကတော့ ၁၀၀လောက်ပါသွားတယ်။ ကိုဝေမိုးနိုင်တော့ မပါသွားသေးဘူး။ ကျနော်တို့ အဲဒီစာရင်း တိကျမသိရသေးဘူး၊ လုံခြုံရေးအရ မထုတ်ပြန်သေးဘူးလို့သိတယ်။”

မုံရွာထောင်ကနေ အကျဉ်းသားတွေကို ရေကြောင်းကနေ ပြောင်းရွှေ့တာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အကျဉ်းသားတွေကို တင်လာတဲ့ စစ်သင်္ဘောတွေအပါအဝင် စစ်ကောင်စီ တပ်သားတွေနဲ့ ရိက္ခာတွေပါတဲ့ သင်္ဘော အစီး ၂၀ကျော်လောက် ပြောင်းတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့မနက် နှစ်နာရီလောက်မှာ မုံရွာမြို့တော်ခန်းမကနေ မင်းဒေါင့်ဆိပ်ကမ်းဘက်ကိုသွားပြီး အဲဆိပ်ကမ်းကနေ ထွက်ခွာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ မုံရွာထောင်ဟာ ၂၀၂၁ စစ်အာဏာသိမ်းမှု အစောပိုင်းကာလတွေအတွင်း လူထုသပိတ် ဦးဆောင်သူတွေ အပါအဝင် နိုင်ငံ‌ရေးလှုပ်ရှားသူတွေကို ထိန်းသိမ်းထားတဲ့ ထောင်ဖြစ်ပါတယ်။ မုံရွာလူထု သပိတ်ကို ဦးဆောင်ခဲ့သူ ကိုဝေမိုးနိုင်ကို ထိန်းသိမ်းထားတဲ့ ထောင်လဲဖြစ်ပါတယ်။ ဒီတခေါက် ထောင်ပြောင်းတာမှာတော့ နှစ်ရှည်ထောင်ဒဏ်ကျခံရတဲ့ ကိုဝေမိုးနိုင်တော့ ပြောင်းရွှေ့တဲ့အထဲ မပါဝင်ခဲ့ဘူးလို့ပြောပါတယ်။

၂၀၂၄ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အပြောင်းအရွှေ့လုပ်တာ ၆ ကြိမ်နဲ့ အထက် ရှိပြီး အကျဉ်း သားထောင်နဲ့ချီ ပြောင်းရွှေ့ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီသူတွေက ပြောပါတယ်။

ထောင်တွေကနေ အခုလို ပြောင်းတာနဲ့ပတ်သက်လို့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေ အပါအဝင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို ဗွီအိုအေက ဆက်သွယ်ပေမဲ့ ဖုန်းပြန်လည် ဖြေဆိုခြင်း မရှိပါဘူး။

ဒါ့အပြင် အင်းစိန်ထောင်တွင်းမှာ သေဒဏ် ကျခံနေရသူတွေထဲက တချို့ကို ဒီမနက်မှာ ကြိုးမိန့်ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပေမယ့် အတည်ပြုလို့တော့ မရသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း ဒါနဲ့ပတ်သက်လို့ အခုချိန်ထိ သတင်း တစုံတရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သတ်လို့ အကျဉ်းသားအရေး ကူညီသူတွေကလည်း စိုးရိမ်မှုရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဦးသိုက်ထွန်းဦးက ပြောပါတယ်။

ဘာမှထူးခြားမှုမရှိဘူး အမ၊ ဧည့်တွေ့လည်းပုံမှန်ဘဲ ပေါ့ပေါ့ပါးပါး သွားလာနေကြတယ်။ ထောင်ကငြိမ်နေတယ်။ ခုက ဘယ်လောက် ထိဆိုးနေလဲဆို စစ်ကောင်စီ ချန်နယ် (Channel) တွေကပါ ဒါတွေလွှင့်နေတော့ စကစဘက်က ကျနော်တို့ကို ပြန်စားနေတာလားပေါ့၊ ခေါင်းထဲမှာ တော့အဲလို တွေးမိနေတယ်။ မိန်းကလေး ၂ဦး လွတ်ငြိမ်းပေးလိုက်တယ်၊ ကျန် ၅ဦးသတ်တယ် ဘာညာတွေ ဖြစ်နေတယ်။ ကျနော်တို့ လိုက်ရတာခက်နေတယ်။ ပြင်ဘက်မှာက အေးအေးဆေးဆေး စတန်းဘိုင်လဲမရှိဘူး၊ ဝန်ထမ်းလုံခြုံရေး ယူတာလည်းမရှိဘူး။ ပုံမှန်ဆိုရင် သူတို့ အဲလိုလုပ်မယ်ဆို လုံခြုံရေးက ရှေ့ကင်းနောက်ကင်း ချလုပ်တာ၊ အဲလိုခုကမရှိဘူး။ နောက်တခုက များသောအားဖြင့် စနေ၊ တနင်္ဂနွေဘဲလုပ်တာ၊ အပြင်ပေါက်မှာစိုးရိမ်လို့။ ခုက ကြားရက် တနင်္လာနေ့ကြီးဆိုတော့ အရင်လိုမဟုတ်ဘဲ တွေးနေရတာပေါ့။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP စာရင်းအရ အာဏာသိမ်းပြီးချိန်ကနေ ဒီနှစ် စက်တင်ဘာလလယ်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂သောင်း ၇ထောင်ကျော် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီစာရင်းတွေက ကောက်ယူနိုင်တဲ့စာရင်းသာ ဖြစ်ပြီး လက်တွေ့မှာတော့ ပိုများနိုင်တယ်လို့ ပြောပါတယ်။ စစ်ကောင်စီကတော့ အေအေပီပီ စာရင်းတွေက ချဲ့ကားထားတဲ့ စာရင်းတွေဖြစ်တယ်လို့ တုံပြန်ထားပါတယ်။

Forum

XS
SM
MD
LG