ဖမ်းဆီးခံ သတင်းထောက် ၃ ဦးကို မတရားအသင်းနဲ့ ဆက်သွယ်မှုနဲ့ စွဲချက်တင်ဖို့ စီစဉ်

မှတ်တမ်းပုံ - သတင်းလွတ်လပ်ခွင့် အတွက် သတင်းထောက်တွေ ဆန္ဒပြ။

တပ်မတော်က တနင်္လာနေ့မှာ ဖမ်းဆီး ထိန်းသိမ်းလိုက်တဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ DVB နဲ့ ဧရာဝတီ သတင်းဌာနတို့က သတင်းထောက် ၃ ဦးကို မတရားအသင်း အဖွဲ့များနဲ့ ဆက်သွယ်မှု ပုဒ်မနဲ့ စွဲချက်တင်ဖို့ စီစဉ်နေကြောင်း အစိုးရနဲ့ တပ်မတော် အရာရှိတွေရဲ့ အင်္ဂါနေ့က ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။

တနင်္လာနေ့ကထုတ်ပြန်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ရှမ်းပြည်နယ် အရှေ့မြောက်ဘက် နမ့်ဆန်-သီပေါ် ကားလမ်းပေါ်မှာ တပ်မတော်စစ်ကြောင်းက လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်နေချိန် လိုင်စင်မဲ့ မော်တော်ယာဉ်နှစ်စင်းနဲ့ လိုက်ပါလာတဲ့ အဲဒီ သတင်းထောက်သုံးဦး အပါအဝင် အမျိုးသား ၇ ဦးဟာ TNLA အဖွဲ့နဲ့ ဆက်သွယ်ခဲ့တယ်ဆိုတာ စုံစမ်းတွေ့ရှိရတာကြောင့် တရားဥပဒေနဲ့ အညီ ဆောင်ရွက်နိုင်ဖို့အတွက် သူတို့ကို လားရှိုးရဲ စခန်းကို လွှဲပြောင်းပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သူတို့ကို လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပေမဲ့၊ ဖမ်းဆီးခံထားရသူတွေ လားရှိုးရဲစခန်းမှာ မရှိသလို၊ ဘယ်နေရာမှာ ထိန်းသိမ်းခံထားရ သလဲ ဆိုတာ ခုထိ စုံစမ်းလို့ မရသေးဘူးလို့ DVB သတင်းဌာနက အယ်ဒီတာတဦးဖြစ်တဲ့ ဦးသန်းဝင်းထွဋ်က ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

သတင်းထောက် ၃ ဦးကို တပ်မတော်က ဖမ်းဆီးလိုက်တာနဲ့ ပတ်သက်လို့ အထူးစိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း ရန်ကုန်မှာရှိတဲ့ အမေရိကန် သံရုံးက အင်္ဂါနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အလားတူပဲ ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်တဲ့ Burma Campaign UK အဖွဲ့ကလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဖမ်းဆီး ခံထားရတဲ့ သတင်းထောက် ၃ ဦးကို ချက်ခြင်း ပြန်လွတ်ပေးဖို့ အင်္ဂါနေ့က တောင်းဆိုလိုက်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေ ပြန်လွတ်ပေးရေးအတွက် CPJ လို့ခေါ်တဲ့ သတင်းထောက်များ အကာကွယ်ပေးရေး ကော်မီတီနဲ့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးတို့ကလည်း တောင်းဆိုထားပါတယ်။

Your browser doesn’t support HTML5

ဖမ်းဆီးခံ သတင်းထောက် ၃ ဦးကို မတရားအသင်းနဲ့ ဆက်သွယ်မှုနဲ့ စွဲချက်တင်ဖို့ စီစဉ်