မြန်မာအစိုးရရဲ့ အချက်အလက်စုဆောင်းမှုဌာန E-Government Data Center တည်ဆောက်ရေး အမေရိကန်ဒေါ်လာ ၉၃.၈ သန်းကို ကိုရီးယားသွင်းကုန်ပို့ကုန်ဘဏ်က ချေးငွေယူဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ကြောင်း Reuters သတင်းမှာ မနေ့ကဖေါ်ပြပါတယ်။
ချေးငွေယူရေးကိစ္စကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကနေ အခုလ ဆန်းပိုင်းမှာ လွှတ်တော်ကိုတင်ပြခဲ့တာပါ။ အင်္ဂါနေ့တုန်းကတော့ ဒီကိစ္စကိုလွှတ်တော်အတွင်းမဲခွဲဆုံးဖြတ်တဲ့အခါ ထောက်ခံမဲ ၄၅၃မဲ၊ ကန့်ကွက်မဲ ၉မဲနဲ့ တခဲနက်အတည်ပြုနိုင်ခဲ့ပါတယ်။
အချိန်သုံးနှစ်ကြာမယ့် ဒီအစီအစဉ်ကို အခု လာမယ့်နှစ်ဆန်းဇန်နဝါရီလမှာစတင်မှာဖြစ်ပြီး ဆက်သွယ်ရေးနှင့် အချက်အလက်နည်းပညာဝန်ကြီးဌာနရဲ့ ညွှန်ကြားချက် နဲ့လုပ်ဆောင်မှာပါ။
အစိုးရ သတင်းအချက်လက် ထိန်းသိမ်းရေးဗဟိုဌာနကို နေပြည်တော်မှာထားမှာဖြစ်ပြီး အထောက် အကူပြုဌာနကိုတော့ သံလျှင်မြို့မှာ တည်ဆောက်မှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေအတွက် စုစုပေါင်းကုန်ကျမှုက ဒေါ်လာ ၁၀၄.၃ သန်းရှိပါလိမ့်မယ်။
ဒီစီမံကိန်းပြီးဆုံးသွားတဲ့အခါ အစိုးရရဲ့ ဝန်ဆောင်မှုတွေကို ၂၄နာရီပတ်လုံး အင်တာနက်အွန် လိုင်းကိုအသုံးပြုပြီး လုပ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်တုန်းက လွှတ်တော်အတွင်းမှာ အင်တာနက် ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေအကြား မေးခွန်းထုတ်တာတွေ အခြေအတင်ဆွေးနွေးတာ တွေလုပ်ခဲ့ကြပါသေးတယ်။
Your browser doesn’t support HTML5
E-Government အတွက် ကိုးရီးယားက ဒေါ်လာ ၉၃ သန်းကျော် မြန်မာအစိုးရချေး