သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်နဲ့ အသုံးစရိတ် ညှိမရရင် ကန်အစိုးရ အလုပ်တွေ ရပ်နိုင်


သမ္မတ Trump အစိုးရနဲ့ လွှတ်တော်အကြား ဘဏ္ဍာရေးအသုံးစရိတ် သဘောတူညီချက်မရဘူးဆိုရင် လာမယ့် သောကြာနေ့ ညသန်းခေါင်မှာ အမေရိကန်အစိုးရ လည်ပတ်နေတဲ့လုပ်ငန်းအားလုံးရဲ့ လေးပုံတပုံ ရပ်ဆိုင်းသွားနိုင်ခြေရှိနေပါတယ်။

ညှိနှိုင်းနေတဲ့ အသုံးစရိတ်ကိစ္စတွေထဲမှာ သမ္မတ Trump အဆိုပြုထားတဲ့ တရားမ၀င် ၀င်ရောက်လာသူတွေကို ဟန့်တားရေး အမေရိကန်နဲ့ မက္ကဆီကိုနယ်ခြား တံတိုင်းကာဖို့အတွက် ငွေကြေး သုံးစွဲဖို့လည်း ပါဝင်ပါတယ်။

အစိုးရရဲ့ အသုံးစရိတ် လေးပုံ သုံးပုံကို လာမယ့်နှစ် စက်တင်ဘာလာအထိ သဘောတူထားပြီ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အတည်မပြုရသေးတဲ့ အထဲမှာ ၂၀၁၉ ခုနှစ်အတွက် အမိမြေလုံခြုံရေးဌာနကို အသုံးစရိတ်ချထားရေးနဲ့ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲကာလ သမ္မတ Trump ကတိပေးခဲ့တဲ့ မက္ကဆီကိုနယ်ခြားနဲ့ တံတိုင်းကာရေးအတွက် အသုံးစရိတ်ကိစ္စတွေ ပါဝင်ပါတယ်။

ဒေါ်လာ ဘီလီယံ ပေါင်း ၂၀ ကုန်ကျမယ့် ဒီတံတိုင်း တည်ဆောက်ဖို့ ဒေါ်လာ ၅ ဘီလီယံ ကနဦး သဘောတူဖို့ သမ္မတ Trump က တောင်းခံထားပြီး ဒီတောင်းဆိုချက်ကို ဒီမိုကရက်တွေနဲ့ ရီပတ်ဘလစ်ကန် အမတ် တချို့ က အပြင်းအထန် ကန့်ကွက်ထားကြပါတယ်။ နယ်စပ်လုံခြုံရေးတိုးမြှင့်ဖို့ ဒေါ်လာ တစ်ဒသမ ခြောက်ဘီလျံ သုံးစွဲရေး ဒီမိုကရက်ဘက်က ကမ်းလှမ်းထားပေမဲ့ ဒီငွေဟာ တံတိုင်း တည်ဆောက်ဖို့ဆိုပြီး တိတိကျကျတော့ ပြောဆိုထားတာ မရှိပါဘူး။

ဘဏ္ဍာရေးအသုံးစရိတ်ထဲမှာ သူလိုချင်တဲ့ တံတိုင်းအတွက် မပါဘူးဆိုရင် အစိုးရလုပ်ငန်းတွေကို ရပ်ဆိုင်းကောင်းရပ်ဆိုင်းမယ်ဆိုပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ သမ္မတ Trump က ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း အစိုးရလုပ်ငန်းတွေ နှစ်ကုန်၊ ဒါမှမဟုတ် ၂၀၁၉ ခုနှစ်အထိ ဆက်လည်ပတ်ဖို့ လွှတ်တော်နဲ့ အစိုးရအကြား ယာယီ အသုံးစရိတ် သဘောတူညီချက်တွေလည်း ချမှတ်လာနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG