တိုင်းရင်းဒေသတချို့ ကိုဗစ်အန္တရာယ်ရင်ဆိုင်ဖို့ လိုအပ်ချက်တွေ ရှိလာနိုင်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ဧရာဝတီစင်တာ ကိုဗစ်-၁၉ အထူးကြပ်မတ် ကုသဆောင် (ICU) မှာ တွေ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတချို့။ (ဓာတ်ပုံ - Ministry of Health and Sports, Myanmar -ဒီဇင်ဘာ ၀၆၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံက ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့ တိုင်းရင်းသားဒေသတချို့မှာ ကျန်းမာရေးဝန်ထမ်းနဲ့ ဆေးဘက်ဆိုင်ရာပစ္စည်း လိုအပ်ချက်တွေကြောင့် အခက်အခဲကြုံနေရတဲ့အကြောင်း တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။

တိုင်းရင်းသား ဒေသတချို့မှာ မကြာသေးခင် သီတင်းပတ်တွေက စလို့ ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေရာက ကျန်းမာရေးဝန်ထမ်းနဲ့ ရောဂါစစ်ဆေးရာမှာ လိုအပ်တဲ့ပစ္စည်းကရိယာ လိုအပ်ချက်တွေလည်း တိုးလာနေတယ်လို့ ဒေသခံ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်းမှာဆိုရင် ပြီးခဲ့တဲ့ သြဂုတ်လ မတိုင်ခင်အထိ ကိုဗစ်အတည်ပြုလူနာ ၄ ယောက်သာ ရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့လကစလို့ ကူးစက်သူ တိုးလာရာမှာ အခုဆိုရင် ၂၀၀ ကျော်အထိ ရှိနေပြီလို့ ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန အထူးရောဂါနှိမ်နင်းရေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို ကပြောပါတယ်။ ရောဂါကူးစက်မှုတွေ တိုးလာနေတာနဲ့အမျှ ရောဂါရှိ၊ မရှိ စမ်းသပ်စစ်ဆေးဖို့ ပစ္စည်းကရိယာ လိုအပ်ချက်တွေလည်း ပိုများလာနေတယ်လို့ ပြောပါတယ်။

“ကျနော်တို့မှာ မြို့နယ်သုံးဖို့အတွက်တော့ အခုလုံလုံလောက်လောက်တော့ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ ဘာဆက်လိုတာလဲဆိုတော့ Test Kit တော့ များများလိုချင်တယ်။ ဘာဖြစ်လဲဆိုတော့ Test Kit များများစစ်နိုင်တာနဲ့အမျှ လူနာတွေကို မြန်မြန်ရှာဖွေပြီးတော့ ကုသမှုပေးပြီးတော့ မြန်မြန်ကူးစက်မှုကို လျှော့ချနိုင်မှာပေါ့နော်။”

နိုဝင်ဘာလနှောင်းပိုင်းကစလို့ အတည်ပြုလူနာတိုးလာတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်မှာတော့ အခုဆိုရင် အတည်ပြုလူနာ ၁၀၀ နီးပါးရှိနေပြီလို့လည်း တာချီလိတ်မြို့နယ် ဆေးရုံးအုပ်ကြီး ဒေါက်တာခင်ကျော်က ပြောပါတယ်။ နောက်ထပ် ကူးစက်မှုတွေ တိုးလာမယ် ဆိုရင်တော့ လိုအပ်ချက်တွေ ပိုများလာနိုင်တယ်လို့လည်း ပြောပါတယ်။

“လောလောဆယ်အထိ လက်ရှိ ရှိနေတဲ့ လူနာအားလုံးပေါ့နော်။ အားလုံးက ပြင်းထန်လူနာ မပါဘူး။ မပါတဲ့အခါကျတော့ ကျနော်တို့ ဝန်ထမ်းတွေလည်း ကြည့်ရရှုရတာလည်း နည်းနည်းတော့သက်သာတယ်ပေါ့နော်။ နောက်ပြီး အရေအတွက်များလို့ နေရာခွဲရလို့ရှိရင် လက်ရှိ ဆေးရုံမှာ လည်ပတ်နေတဲ့ ဝန်ထမ်းအင်အားကို ခွဲပေးရတာပေါ့လေ။ ခွဲပေးရတော့ လတ်တလောအထိက နိုင်တယ်။ သို့သော် ဒီထက်ပိုများလာမယ်၊ ဒါမှမဟုတ်လည်း ဒီထက်ပိုပြီး ပြင်းထန်တဲ့ လူနာပါလာမယ်ဆိုရင်ပေါ့... အဲ့ဒါဆိုရင် အခက်အခဲရှိကောင်းရှိနိုင်တယ်။ ကျန်တဲ့ ကာကွယ်ရေးပစ္စည်းက လောလောဆယ်ထိ လုံလောက်ပါတယ်။”

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေ အများအပြားရှိရာ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာလည်း ပြီးခဲ့တဲ့လမှာပဲ ပထမဆုံး ကိုဗစ်အတည်ပြုလူနာ တွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်သူတွေ တိုးလာနေပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ အားနည်းတာကြောင့် ကပ်ရောဂါကူးစက်မှုတွေ တိုးလာမှာကို စိုးရိမ်နေရတယ်လို့လည်း ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်လောဟန်က ပြောပါတယ်။

SEE ALSO: ကချင်ပြည်နယ် ကိုဗစ်ထိန်းချုပ်ရေး တိုးမြှင့်လုပ်ဆောင်နေ

“လက်ရှိကတော့ မြို့နယ်ဆရာဝန်ကြီးနဲ့ လက်ထောက်ဆရာဝန် တစ်ယောက်နဲ့ နှစ်ယောက်ပဲ ရှိတယ်ပေါ့။ ကျနော်တို့မြို့နယ်ဆိုရင်တော့၊ ဆမီးမှာလည်း လက်ထောက်ဆရာဝန်၊ တာဝန်ခံဆရာဝန်တစ်ယောက်ရှိတယ်။ ဆေးရုံအတိုင်းတာနဲ့ ကျနော်တို့ တစ်ဘက်က တိုက်ပွဲရှောင်နဲ့ ရှိနေတဲ့အခါကျတော့ ဆရာဝန်အင်အားကတော့ လိုသေးတယ်ခင်ဗျာ။ Test Kit လည်း လောလောဆယ် ပြည်နယ်ကျန်းမာကနေပြီးတော့ ပို့ထားတာ အစုံ ၂၅၀ ရှိတယ်ပေါ့နော်။ လောလောဆယ် ဒီလအတွက်ကတော့ လုံလောက်နိုင်တဲ့ အနေအထားရှိတယ်။ နောက်လတွေဆိုရင်တော့ အသစ်ပြန်တောင်းရမယ့် သဘောရှိတယ်။”

လပိုင်းအတွင်း ရောဂါကူးစက်သူ ၁၉၀၀ ကျော်လောက်အထိ အတည်ပြုထားတဲ့ မွန်ပြည်နယ်မှာလည်း ဆေးဘက်ဆိုင်ရာ ပစ္စည်းကရိယာ လိုအပ်ချက်တွေ ရှိနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အထူးသဖြင့် ကပ်ရောဂါ တိုက်ဖျက်ရေးလုပ်နေကြတဲ့ ဆရာဝန်တွေအတွက် ကျန်းမာရေးသုံး ကာကွယ်ရေး ပစ္စည်းတွေ လိုနေတယ်လို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံ က ပြောပါတယ်။

“ကျမတို့ ဆီမှာ N 95 တစ်ခုလောက်ပဲ နည်းနည်းလိုအပ်တယ်။ ကျန်တာကတော့ ကိုယ်ကလည်း ကြိုတောင်းထားတယ်။ လိုအပ်ရင်လည်း တောင်းတယ်ပေါ့နော်။ ဒါကိုယ့်ကျန်းမာရေးဌာန သုံးဖို့အတွက်ကို ပြောတာပေ့ါ။ အဲ့ဒီအတွက် ဝန်ကြီးဌာနက ထောက်ပံ့နေတော့ လိုအပ်မှုကတော့ မရှိပါဘူး။ ဒါပေမဲ့ အပြင် Volunteer လူနာသယ်မယ်၊ ပို့မယ်ပေါ့နော်... ဒါကတော့ အမတို့ဆီက တာဝန်ယူမထောက်ပံ့ဘူးဆိုတော့ သူတု့ိမှာတော့ အလှူရှင် လှူပေးနေတာတွေပေါ့နော်။ အဲ့ဒါမျိုးတွေတော့ သူတို့မှာတော့ လိုအပ်ချက်တော့ရှိမှာပေါ့။”

မြန်မာနိုင်ငံအဝန်း လပိုင်းအတွင်းမှာပဲ သေဆုံးသူ ၂,၀၀၀ ကျော်နဲ့ ကူးစက်သူ ၁၀၀,၀၀၀ ကျော်အထိ ရှိလာရာက အိမ်ပြင်မထွက်ဖို့ အမိန့်အပါဝင် သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်တာတွေကို တိုးမြှင့်ဆောင်ရွက်လာပါတယ်။ ဒါပေမဲ့လည်း ကန့်သတ်မှုတွေ ကြားမှာပဲ ရောဂါကူးစက်မှုတွေ ရှိနေဆဲ ဖြစ်တာကြောင့် ရောဂါထိန်းချုပ်ရေး စည်းကမ်းတွေကို လိုက်နာကြဖို့ အာဏာပိုင်တွေ သတိပေးထားပြီး ပျက်ကွက်သူတွေကို အရေးယူတာတွေလည်း ရှိနေပါတယ်။

Your browser doesn’t support HTML5

တိုင်းရင်းဒေသတချို့ ကိုဗစ်အန္တရာယ်ရင်ဆိုင်ဖို့ လိုအပ်ချက်တွေ ရှိလာနိုင်

[Unicode Version]








SEE ALSO: မြန်မာ့ကိုဗစ်ထောက်ပံ့ကြေး အစီအစဉ်ကို မကျေနပ်တဲ့ တိုင်ကြားစာ ၂ သိန်းကျော်နေပြီ




