၂၀၂၄ ဥရောပဖလား အင်္ဂလန်အသင်း နောက်ဆုံးဗိုလ်လုပွဲတက်

အင်္ဂလန်အသင်းက ဟာရီကိန်း က အသင်းသား Ollie Watkins နဲ့ ဆီမီဖိုင်နယ်ပွဲစဥ်မှာအနိုင်ရပြီး ဝမ်းသာအားရ အောင်ပွဲခံနေကြစဥ်။ (ဇူလိုင် ၁၀။ ၂၀၂၄)

ယူရို ၂၀၂၄ ဥရောပဖလား ဘောလုံးပြိုင်ပွဲ ဒုတိယ ဆီမီးဖိုင်နယ်ပွဲမှာ အင်္ဂလန်အသင်းက နယ်သာလန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်သွားပါတယ်။ ဒီပွဲမှာ နယ်သာလန်အသင်းက Xavi Simons က အဖွင့်ဂိုးကို ပွဲစပြီး ၇ မိနစ်မှာ သွင်းယူသွားခဲ့တာပါ။

၁၈ မိနစ်မှာ အင်္ဂလန်အသင်းက ပယ်နယ်တီရရှိခဲ့ပြီး အသင်းခေါင်းဆောင် ဟယ်ရီကိန်းက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ ဘယ်သူ့ဘယ်သူမှ ဂိုးမသွင်းနိုင်ဘဲ အင်္ဂလန်အသင်းက လူလဲလိုက်တဲ့ ရှေ့တန်းတိုက်စစ်မှူး Ollie Watkins က မိနစ် ၉၀ ပွဲပြီးခါနီး သွင်းယူသွားခဲ့တာပါ။

အင်္ဂလန်တနိုင်ငံလုံး နှလုံးခုန် သွေးတိုးနေခဲ့တဲ့ဖိအား အကြီးအကျယ်သက်သာရာ ရသွားခဲ့ပါတယ်လို့ အင်္ဂလန်ပြည့်ရှင် ဘုရင် ချားလ်စ်က နည်းပြ Southgate ကို သဝဏ်လွှာပေးပို့ရာမှာ ပြောပါတယ်။ နောက်ဆုံးဗိုလ်လုပွဲကိုတက်သွားတဲ့အတွက် သူနဲ့သူ့ဇနီးတို့က မိသားစုနဲ့အတူ အင်္ဂလန်အသင်းကို အနွေးထွေးဆုံး ဝမ်းမြောက်စကားဆိုလိုက်ပြီး တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ဖိုင်နယ်ပွဲအတွက် အကောင်းဆုံး ဆုမွန်တောင်းလိုက်ပါတယ်လို့ ဘုရင်ချားလ်းစ်က ဆောက်ဂိတ်ကို ပြောပါတယ်။