သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ ယူရိုဖလားပွဲ အင်္ဂလန်နဲ့ နယ်သာလန် ဆီမီးဖိုင်နယ်တက်


FBL-EURO-2024-MATCH44-AUT-TUR
FBL-EURO-2024-MATCH44-AUT-TUR

" အင်္ဂလန်အသင်းဟာ အခု တကြိမ်မှာတော့ ပင်နယ်တီ ၅ ဂိုးလုံး ဝင်အောင် သွင်းယူနိုင်ခဲ့တဲ့ အပြင် ဂိုးသမား ဂျော်ဒန်ပစ်ဖော့ဒ်ကလည်း ဆွစ်ဇာလန်ရဲ့ ပင်နယ်တီ ၁ လုံးကို ကာကွယ်နိုင်ခဲ့လို့ အင်္ဂလန်အသင်းက ပင်နယ်တီ ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ "

၂၀၂၄ ခုနှစ် ဥရောပဖလား EURO 2024 အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ပွဲစဥ် ဒုတိယနေ့ပွဲစဥ်တွေမှာ အင်္ဂလန်နဲ့ နယ်သာလန်တို့က ပြိုင်ဘက်တွေကို အသီးသီး အနိုင်ရခဲ့ကြပြီး အကြိုဗိုလ်လုပွဲကို တက်သွားပါပြီ။ အင်္ဂလန်နဲ့ ဆွစ်ဇာလန်ပွဲမှာ ဆွစ်ဇာလန်က ၇၅ မိနစ်မှာ ဦးဆောင်ဂိုးသွင်းယူခဲ့လို့ အင်္ဂလန်က နောက်ကလိုက်ကစားခဲ့ရတာပါ။

ဒါပေမယ့် မိနစ် ၈၀ မှာ အာဆင်နယ် တောင်ပံ ကစားသမား ဆာကာက အင်္ဂလန် အတွက် ချေပဂိုး သွင်းယူနိုင်ခဲ့လို့ မိန်စ် ၉၀ အတွင်း ၁ ဂိုးစီ သရေ ကျပြီး အချိန်ပို မိနစ် ၁၂၀ အထိ နှစ်ဘက် ဂိုးမသွင်းနိုင်ခဲ့ကြလို့ ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရပါတယ်။

ပြိုင်ပွဲကြီးတွေမှာ ပင်နယ်တီ အဆုံးအဖြတ်ခံယူရင် မှတ်တမ်းမကောင်းလှတဲ့ အပြင် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဥရောပဖလား ဗိုလ်လုပွဲမှာလည်း အီတလီကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးခဲ့တဲ့ အင်္ဂလန်အသင်းဟာ အခု တကြိမ်မှာတော့ ပင်နယ်တီ ၅ ဂိုးလုံး ဝင်အောင် သွင်းယူနိုင်ခဲ့တဲ့ အပြင် ဂိုးသမား ဂျော်ဒန်ပစ်ဖော့ဒ်ကလည်း ဆွစ်ဇာလန်ရဲ့ ပင်နယ်တီ ၁ လုံးကို ကာကွယ်နိုင်ခဲ့လို့ အင်္ဂလန်အသင်းက ပင်နယ်တီ ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်း ကွင်းလယ်ကစားသမား (နံပါတ် ၁၀) Jude Bellingham ရဲ့ ဂိုးသွင်းဟန်။
အင်္ဂလန်အသင်း ကွင်းလယ်ကစားသမား (နံပါတ် ၁၀) Jude Bellingham ရဲ့ ဂိုးသွင်းဟန်။

ဒါပေမယ့် ပွဲတလျှောက်လုံးမှာ အင်္ဂလန်က ဂိုးပေါက်ခြိမ်းခြောက်နိုင်မှု များများစား မလုပ်နိုင်ခဲ့သလို ဘောလုံးပိုင်ဆိုင်မှုမှာလည်း နှစ်ဘက် သိပ်အကွာကြီး မဟုတ်ခဲ့ပါဘူး။

နောက်ထပ် ကွာတားဖိုင်နယ် ပွဲစဥ် ဖြစ်တဲ့ နယ်သာလန်နဲ့ တူရကီတို့ရဲ့ ပွဲမှာတော့ တူရကီက ပထမပိုင်း ၃၅ မိနစ်ကတည်းက ဂိုး သွင်းနိုင်ခဲ့ပြီး ပွဲချိန် တလျှောက်လုံးနီးပါး ဦးဆောင်နိုင်ခဲ့ပေမယ့် မိနစ် ၇၀ နဲ့ ၇၆ မိနစ်တွေမှာ နယ်သာလန်အသင်းက ၂ ဂိုးဆက်သွင်းပြီး အနိုင်ယူခဲ့ပါတယ်။

နယ်သာလန်နဲ့ တူရကီ ပွဲဟာ အပြန်အလှန် ရှိခဲ့ပြီး ပွဲပြီးခါနီးမှာ တူရကီနောက်ခံလူ တဦး အထုတ်ခံရတဲ့ အထိ အကြိတ်အနယ် ရှိခဲ့ပါတယ်။ တူရကီဟာ ပွဲ နယ်သာလန်ကို ချေပဂိုး ပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် မိနစ် ၉၀ ပြည့်ပြီး နာကျင် ထပ်ဆောင်း အချိန်ပို ၆ မိနစ် ရပေမယ့် ဂိုးသွင်းယူနိုင်ခြင်း မရှိလို့ ပွဲအပြီးမှာ နယ်သာလန် အနိုင်ခဲ့တာပါ။

အကြိုဗိုလ်လုပွဲ ပွဲစဥ်တွေကိုတော့ လာမယ့် ဇူလိုင် (၉) ရက်နေ့မှာ မြူးနစ်မှာ စပိန်နဲ့ ပြင်သစ် စတင်ကစားကြမှာ ဖြစ်ပြီး ဇူလိုင် (၁၀) ရက်နေ့မှာတော့ ဒေါ့မွန်မှာ အင်္ဂလန်နဲ့ နယ်သာလန်တို့ ကစားကြမှာ ဖြစ်ပါတယ်။ အကြိုဗိုလ်လုပွဲမှာ အနိုင်ရတဲ့ နှစ်သင်းကတော့ ဇူလိုင် ၁၄ ရက်နေ့မှာ ဘာလင်မြို့တော်က အိုလံပစ်ကစားကွင်းကြီးမှာ EURO ၂၀၂၄ ဥရောပ ဖလား ဗိုလ်လုကြမှာ ဖြစ်ပါတယ်။

၂၀၂၄ ယူရိုဖလားပွဲ အင်္ဂလန်နဲ့ နယ်သာလန် ဆီမီးဖိုင်နယ်တက်
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG