မန္တလေးတိုင်း မတ္တရာနဲ့ စဉ့်ကူးမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေ

မန္တလေးတိုင်း မတ္တရာမြို့နယ် မတ္တရာမြို့အဝင်ဆိုင်းဘုတ်

စစ်ရေးတင်းမာနေတဲ့ မတ္တရာမြို့နယ်ထဲက ကျေးရွာတွေမှာ တိုက်ပွဲတွေ ဆက်ရှိနေပြီး စစ်တပ်က လေကြောင်း တိုက်ခိုက်တာတွေ ရှိနေပါတယ်။ စဉ့်ကူးနယ်ထဲမှာဆိုရင်လည်း လက်ကျန်စစ်တပ်စခန်းတွေကို တိုက်ခိုက် သိမ်းပိုက်တာတွေ ရှိနေပါတယ်။ မန္တလေးတိုင်းထဲက မတ္တရာနဲ့ စဉ့်ကူးမြို့နယ်ထဲက တိုက်ပွဲ နောက်ဆုံးအခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ကာကွယ်ရေးတပ်ဖွဲတွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေဖြစ်နေတဲ့ မတ္တရာမြို့နယ်ထဲမှာ စစ်တပ်ဘက်က လေကြောင်းကနေ တိုက်ခိုက်တာတွေရှိနေပါတယ်။ ဇူလိုင် ၂၅ ရက် မနေ့က ကျောက်တံတား ကျေးရွာကို ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ချိန်မှာလည်း လေကြောင်းက ပစ်ခတ်ခဲ့သလို ဇူလိုင် ၂၆ ရက် ဒီကနေ့မှာလည်း လေကြောင်းကနေ ပစ်ခတ်တာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ မတ္တရာမြို့နယ်ထဲကအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

"မနေ့က ကျောက်တံတားမှာဖြစ်ကြတာ။ မနေ့က တနေကုန်နီးနီး ဖြစ်ကြတယ်။ မနေ့ကလည်း ပစ်တာပဲ။ ကျောက်တံတားပစ်တယ်။ အနောက်ဖက်နားက ဘိုကုန်း ပစ်တယ်။ ဘာမှာမရှိဘဲ ရွာတွေနား အစပ်တွေထဲ လျှောက်ပစ်နေတာ။ ရဟတ်ယာဉ်ပေါ်ကနေ ပစ်တာ၊ စက်လတ်နဲ့ပစ်သွားတာ။ ဒီနေ့ကတော့ မရှိသေးဘူး။ မရှိသေးဘဲနဲ့ကို လာပစ်သွားတာ။ သူတို့ရဲ့စတိုင်က ဘယ်လိုတုန်းဆို ဒီနေ့လို တိုက်ပွဲဖြစ်သွားရင် နောက်နေ့ဆိုလာပစ်တယ်။ တခါတလေ တိုက်ပွဲဖြစ်ပြီး နားသွားရင် အတော်လေးကြာရင် လာပစ်တာပဲ။"

ဆက်စပ်ဖတ်ရှုစရာ မိုးကုတ်မြို့ကို TNL‌A နဲ့ PDF ပူးပေါင်းတပ်တွေ ထိန်းချုပ်


ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မတ္တရာမြို့နယ်ထဲက စစ်တပ် တပ်စွဲထားတဲ့ နေရာ ၂၈ ခုထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ကျန်ရှိတဲ့ နေရာတွေကို ဆက်လက် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
လက်ရှိ တိုက်ခိုက်နေတဲ့ ကျောက်တံတားရွာဟာ မန္တလေး-မတ္တရာ လမ်းဘေးမှာရှိတဲ့ ကျေးရွာကြီးတရွာဖြစ်ပြီး အဲ့ဒီရွာမှာ စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူတွေ တပ်စွဲထားတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေက လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

စဉ့်ကူးမြို့နယ်ဘက်မှာဆိုရင်လည်း မြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက် ထိန်းချုပ်ပြီးနောက်ပိုင်း စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူတွေရှိတဲ့ ပျူစောထီးကျေးရွာတွေကို တိုက်ခိုက် သိမ်းပိုက်တာတွေရှိနေပါတယ်။ စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်အရှေ့ဘက်က ရွာသာ ပျူစောထီးရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်တာရှိတယ်လို့ မြေပြင်အခြေအနေသိရှိတဲ့ ဒေသခံတဦးက အခုလို ပြောပါတယ်။

"စဉ့်ကူးဘက်မှာတော့ ပျူရွာကို ဝင်သိမ်းထားတာတော့ ရှိတယ်ခင်ဗျ။ ၂၄ ရက်နေ့ ညပိုင်းက ရွာသာပျူရွာကို ကိုယ့်ဘက်က တော်လှန်ရေး အဖွဲ့အစည်းတွေက ဝင်တိုက်ပြီး ဝင်စီးတာပေါ့။ ၂၅ ရက်နေ့မှာရတယ်။ မနက်ပိုင်းမှာရတယ်။ ရပြီးတော့ တချို့တဝက်ကတော့ ဝက်လက်အရှေ့ခြမ်းက ရှိမ်းမကားဘက်ကို စက်လှေ ၂ စီးနဲ့ ပေါင်းသွားတယ်ခင်ဗျ။"

စဉ့်ကူးမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၁၇ ရက်က အပြီး သတ်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီကင်းစင်တဲ့ မြို့နယ်အဖြစ် ကြေငြာထားပါတယ်။ စဉ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်က သေဆုံးမှုတွေရှိခဲ့ပြီး သုံ့ပန်အဖြစ် ဖမ်းဆီးရမိတာတွေအပြင် လက်နက် ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း အကျအဆုံး ရှိခဲ့တယ်လို့ ဆိုပါတယ်။ စဉ့်ကူး မြို့သိမ်းတိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေကြောင့် မြို့ပေါ် နေအိမ်တွေ မီးလောင်ပျက်စီးတာတွေရှိခဲ့ပြီး အရပ်သား သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။

Your browser doesn’t support HTML5

မန္တလေးတိုင်း မတ္တရာနဲ့ စဉ့်ကူးမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေ