ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFA ရဲ့ ဥက္ကဋ္ဌဟောင်း Michel Platini ကို လာဘ်စားမှုနဲ့ ဖမ်းလိုက်ပြီးတဲ့နောက် ဒီကနေ့မှာ ပြင်သစ်ရဲ တပ်ဖွဲ့က မေးမြန်း စစ်ဆေးနေပါတယ်။ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပွဲအိမ်ရှင်အဖြစ် ကာတာနိုင်ငံကို ရွေးချယ်ဖို့ မဲခွဲဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးနေတာ ဖြစ်တယ်လို့ တရားရေးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
ပါရီမြို့ပြင်က တရားရေးဌာနရဲတပ်ဖွဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးရုံးကို ဒီကနေ့ မနက်ပိုင်းက ဆင့်ခေါ်ပြီးတဲ့နောက် Platini ကို ဖမ်းထားလိုက်တယ်ဆိုပြီး Mediapart အွန်လိုင်းသတင်းဌာနမှာ ရေးသားဖော်ပြထားတာကို အဲဒီတာဝန်ရှိသူက အတည်ပြု ပေးပါတယ်။ ဒါပေမယ့်လည်း လက်ရှိလုပ်ဆောင်နေတဲ့ စုံစမ်း စစ်ဆေးမှုအကြောင်းပြောဖို့ အခွင့်အာဏာမရှိတဲ့အတွက် တာဝန်ရှိသူက သူ့နာမည်ကို မထည့်ဖို့ ပြောပါတယ်။
ပြင်သစ် နာမည်ကျော် ဘောလုံးသမားတဦးဖြစ်ခဲ့သူ ပလာတီနီကို စစ်ဆေး မေးမြန်းပြီးတဲ့နောက် ပြန်လွှတ်လိုက်နိုင်သလို စွဲချက် တခုခု တင်လိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဒီကနေ့ ထိန်းသိမ်းတဲ့ထဲမှာ ပြင်သစ်သမ္မတဟောင်း Nicolas Sarkozy သမ္မတ တာဝန်ထမ်းဆောင်ချိန်က အားကစားကဏ္ဍ အကြံပေးပုဂ္ဂိုလ်လုပ်ခဲ့သူ Sophie Dion လည်းပါတယ်လို့ တရားရေးတာဝန်ရှိသူက ပြောပါတယ်။
Sarkozy လက်ထက်က အစိုးရအဖွဲ့ရဲ့ အတွင်းဝန်ချုပ်ဖြစ်သူ Claude Geuant ကိုတော့ သက်သေအဖြစ် စုံစမ်းစစ်ဆေးရေးမှူးတွေက မေးမြန်းခဲ့ပြီး မဖမ်းခဲ့ပါဘူး။ ပလာတီနီကိစ္စ သိပါတယ်လို့ FIFA က ပြောပေမဲ့ ဒါနဲ့ပတ်သက်ပြီး နောက်ထပ် ဘာမှ မပြောပါဘူး။
Your browser doesn’t support HTML5