အစ္စရေး-ဟက်ဇ်ဘိုလာ အပစ်ရပ်သဘောတူညီမှုဆက်ရှိပေမယ့် တိုက်ခိုက်မှုတချို့ဖြစ်

လက်ဘနွန်တောင်ပိုင်းက တိုက်ပွဲတွေကြောင့်မြင်ရတဲ့ မီးခိုးလုံးများ (ဒီဇင်ဘာ ၁ ရက်၊ ၂၀၂၄)

အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက် ဟက်ဇ်ဘိုလာတို့အကြား ရက်ပိုင်းကြာသေးတဲ့ အပစ်အခတ်ရပ်စဲရေး ဆက်ပြီး ရှိနေပုံရပေမယ့် နေရာတချို့မှာတော့ တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် တဦးသေဆုံးတယ်လို့ လက်ဘနွန်ကျန်းမာရေးဌာနက တနင်္လာနေ့က ထုတ်ပြန်သလို၊ လက်ဘနွန်အရှေ့ခြမ်းမှာလည်း တိုက်ခိုက်မှုကြောင့် စစ်သားတဦး ထိခိုက်ဒဏ်ရာရတယ်လို့ လက်ဘနွန် စစ်တပ်က ပြောပါတယ်။

အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်နေတဲ့ စစ်သွေးကြွနေရာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာလို့ အစ္စရေးဘက်က ပြောပါတယ်။ လက်ဘနွန် အစ္စရေးနယ်စပ်က အငြင်းပွားပိုင်နက်မှာ ထိုင်ထားတဲ့ အစ္စရေးခြေကုပ်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တယ်လို့ ဟက်ဇ်ဘိုလာတို့ဘက်က တနင်္လာနေ့က ပြောပါတယ်။ ဒါဟာဆိုရင် အပစ်ရပ်သဘောတူညီချက်ရပြီးနောက် ပထမဆုံး တိုက်ခိုက်မှုလည်းဖြစ်ပါတယ်။

ပိုင်နက်အငြင်းပွားဖွယ်ရှိတယ်ဆိုတဲ့ အစ္စရေးသတ်မှတ်ထားတဲ့နေရာကို ဒုံးကျည်နှစ်စင်းနဲ့ ဟက်ဇ်ဘိုလာတို့ဘက်က ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အခုလို ဟက်ဇ်ဘိုလာတို့ ဒုံးကျည်တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်တုံ့ပြန်မယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ဟက်ဇ်ဘိုလာတို့ဘက်က အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်လာရင် တုံ့ပြန်မယ်လို့ သတိပေးထားတဲ့အတိုင်း၊ အသေအချာ တုံ့ပြန်သွားမယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး Katz က X လူမှုမီဒီယာမှာ ရေးသားထားတာပါ။

Your browser doesn’t support HTML5

အစ္စရေး-ဟက်ဇ်ဘိုလာ အပစ်ရပ်သဘောတူညီမှုဆက်ရှိပေမယ့် တိုက်ခိုက်မှုတချို့ဖြစ်