သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ရေး လက်ဘနွန်ဆုံးဖြတ်ချက် အီရန်ထောက်ခံမည်


လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ကို အစ္စရေးလေကြောင်းတိုက်ခိုက်စဉ်မြင်ကွင်း (နိုဝင်ဘာ ၁၄၊ ၂၀၂၄)
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ကို အစ္စရေးလေကြောင်းတိုက်ခိုက်စဉ်မြင်ကွင်း (နိုဝင်ဘာ ၁၄၊ ၂၀၂၄)

အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေး လက်ဘနွန်ရဲ့ ဆုံးဖြတ်ချက်မှန်သမျှကို အီရန်က ထောက်ခံကြောင်း အီရန် အကြီးတန်း အရာရှိတဦးက သောကြာနေ့မှာ ပြောလိုက်ပါတယ်။ ဒါဟာ လက်ဘနွန်က အီရန် မဟာမိတ် ဟစ်ဇ်ဘိုလာ အဖွဲ့ နဲ့ အစ္စရေးအကြား အပစ်ရပ်ဖို့ အမေရိကန်နဲ့ တခြားနိုင်ငံတွေက ကြိုးစားနေချိန်မှာပဲ အီရန်က ပဋိပက္ခကို အဆုံးသတ်လိုတဲ့ သဘောထား ပြသတာဖြစ်ပါတယ်။

လက်ဘနွန် ဆိုင်ရာ အမေရိကန်သံအမတ် လီဆာ ဂျွန်ဆင်က ဟစ်ဇ်ဘိုလာ ကိုယ်စားပြုပြီး ဆွေးနွေးပွဲကို ဦးဆောင်နေတဲ့ လက်ဘနွန် လွှတ်တော် ဥက္ကဋ္ဌ Nabih Berri ကို အစ္စရေး-ဟစ်ဇ်ဘိုလာ ငြိမ်းချမ်းရေး အဆိုပြုချက် မူကြမ်းကို ပေးပို့ထားတဲ့ ဆိုတဲ့ သတင်းတွေ လက်ဘနွန် တာဝန်ရှိသူတွေနဲ့ မီဒီယာမှာ ဖော်ပြအပြီး တရက်အကြာမှာ အီရန် အကြံပေး ရီဂျာနီရဲ့ လက်ဘနွန်ခရီး ထွက်ပေါ်လာတာပါ။ အမေရိကန်ဘက်ကတော့ ငြိမ်းချမ်းရေး အဆိုပြုချက်အသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

တချိန်တည်းမှာပဲ အစ္စရေးဟာ ဟစ်ဇ်ဘိုလာ ထိန်းချုပ်ထားတဲ့ ဘေရွတ်မြို့ တောင်ပိုင်း ဆင်ခြေဖုံးဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ၄ ရက် ဆက် ပြုလုပ်ခဲ့ပါတယ်။ အီရန် ခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီ ရဲ့ အကြီးတန်းအကြံပေးပုဂ္ဂိုလ် အလီ လာရီဂျာနီ ရဲ့ သောကြာနေ့က ဘေရွတ်မြို့တော် ခရီးစဥ်မှာတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ဦးဆောင်နေတဲ့ လွှတ်တော် ဥက္ကဋ္ဌ နဲ့ သောကြာနေ့မှာ သီးခြားတွေ့ဆုံခဲ့သလို လက်ဘနွန်ရဲ့ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် နာဂျစ်မီကာတီ နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှု အပြီးမှာတော့ အီရန်က လက်ဘနွန်နဲ့ အတူ “အခြေအနေအရပ်ရပ်” မှာ ရပ်တည်မှာဖြစ်ကြောင်း လာရီဂျာနီက သတင်းထောက်တွေကို ပြောပါတယ်။

အီရန်အနေနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့မှတပါး တခြား အနှောင့်အယှက် တစုံတရာ လုပ်ဆောင်မှာ မဟုတ်ကြောင်း ပြောပါတယ်။ ဟစ်ဇ်ဘိုလာ အဖွဲ့ဟာ “လိမ္မာပါးနပ်သူတွေ” ဖြစ်သလို လက်ဘနွန်နိုင်ငံကလည်း “”လိမ္မာပါးနပ်တဲ့နိုင်ငံ” ဖြစ်လို့ “သူတို့အနေနဲ့ သူတို့ဘာသာ ဘာလုပ်ရမယ် ဆိုတာ သိတယ်” လို့ လာရီဂျာနီက ပြောပါတယ်။ အခြေအနေတွေ အမြန်ဆုံးတိုးတက် ကောင်းမွန်လာဖို့ အီရန်အနေနဲ့ မျှော်လင့်ကြောင်းနဲ့ တောင်ပိုင်းဒေသတွေက နေရပ်စွန့်ခွာခဲ့ရသူတွေ အိမ်ပြန်နိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။” အမေရိကန်၊ ဗြိတိန်နဲ့ အနောက်နိုင်ငံတွေက အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ လက်ဘနွန်က ဟစ်ဇ်ဘိုလာနဲ့ ဂါဇာက ဟားမတ်စ်အဖွဲ့တွေကို အီရန် ထောက်ခံအားပေးနေတာပါ။

ဒါပေမယ့် အခု အီရန် အကြီးတန်း အကြံပေးရဲ့ သတင်းစကားကို အစ္စရေးနဲ့ ဆွေးနွေးနေတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ထောက်ခံပေးမယ့် တိုက်ရိုက်အချက်ပြမှုအဖြစ် လေ့လာသူတွေက ရှုမြင်ထားကြပါတယ်။

Forum

XS
SM
MD
LG