ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်

ဖားကန့်မြို့နယ် ဆိုင်းတောင်မှာ တိုက်ပွဲကြောင့် နေအိမ်တွေမီးလောင်ကျွမ်းနေစဉ် (စက်တင်ဘာ ၁၂၊ ၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဒီရက်ပိုင်း တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာရာက ဒီကနေ့အစောပိုင်း လက်နက်ကြီးကျည် ထိမှန်ပြီး အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါနဲ့ နောင်ချိုမှာ တိုက်ပွဲတွေ ဖြစ်နေသလို၊ ကိုးကန့်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကိုလည်း စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းက စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်မှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေအကြား လွန်ခဲ့တဲ့ရက်တွေက တိုက်ပွဲတွေ ခေတ္တငြိမ်နေခဲ့ရာက တနင်္ဂနွေနေ့ညက စတင်ပြီး တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာနေပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာတော့ ဖားကန့် ဗျူဟာကုန်းက ပစ်တဲ့ လက်နက်ကြီးဟာ မြို့တွင်းကို ကျပြီး အမျိုးသမီးတယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီရက်ပိုင်းတော့ ၄- ၅ရက်လောက် ခငြိမ်နေတာပေါ့နော်။ မနေ့ည ၈နာရီကနေ ဆိုင်းတောင်ဘက်မှာ တိုက်ပွဲတွေ ပြန် ပြင်းထန်ပြီပေါ့နော်။ ဒီမနက်ထိတောက်လျောက် တညလုံး ချတာပေါ့နော်။ ဖားကန့်တပ်မကုန်းကနေလည်း လက်နက်ကြီးတွေ တောက်လျောက် ပစ်ကူတာပေါ့နော်။ ဒီမနက်လည်း ဖားကန့်တပ်မကုန်းကနေ ဖားကန့်ကျောက်ဝိုင်းကို လက်နက်ကြီးနဲ့ လှမ်းပစ်တာပေါ့နော်။ ပစ်တော့ ဖားကန့်မြို့မ ရပ်ကွက် အဲဒီကျောက်ဝိုင်းက အသက် ၅၆နှစ်အရွယ် အမျိုးသမီးတယောက် ပွဲချင်းပြီး ဆုံးသွားတာပေါ့နော်။ဆိုင်းတောင်တိုက်ပွဲက ဒီနေ့ဆို တလပြည့်ပြီပေါ့နော်။ ပြည်သူ သေတာ အယောက် ၅၀နီးပါးရှိပြီ ။ ဒဏ်ရာရတာလည်း တော်တော်များတယ်။ နေအိမ်မီးလောင်တာလည်း ၃၀၀ နီးပါးတော့ ရှိမှာပေါ့။”

လောလောဆယ်မှာတော့ ဆိုင်းတောင်နဲ့ အနီးဝန်းကျင်ကျေးရွာက ဒေသခံတွေ စစ်ဘေးလွတ်ရာ အခြားကျေးရွာတွေကို တိမ်းရှောင်နေသလို ဖားကန့်မြို့ပေါ်ရပ်ကွက်က ပြည်သူတွေဟာလည်း တိုက်ပွဲ ပြင်းထန်လာမှာကို စိုးရိမ်တာကြောင့် မြစ်ကြီးနား၊ မိုးကောင်း စတဲ့မြို့ကြီးတွေဆီ တိမ်းရှောင်တာတွေ ရှိနေပါတယ်။

ဖားကန့် ဒေသခံ ကတော့ ဖားကန့်ဒေသမှာ စစ်ရှောင်ပြည်သူ ၁သောင်းလောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး စစ်ရှောင်တွေဟာ စားနပ်ရိက္ခာနဲ့ နေထိုင်ရေးအတွက် အခက်အခဲရှိနေကြာင်း ပြောပါတယ်။

ဖားကန့်ဒေသမှာ ဖုန်းနဲ့ အင်တာနက် လိုင်းတွေ ပြတ်တောက်နေတာဟာ လနဲ့ ချီကြာမြင့်နေပြီ ဖြစ်တာကြောင့် စစ်ရှောင်တွေကို ဆက်သွယ်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကတော့ KIA ပူးပေါင်းတပ်တွေဟာ ကချင်ပြည်နယ်အရှေ့ပိုင်းက ချီဖွေနဲ့ ဆော့လော်မြို့တွေကို သိမ်းယူခဲ့သလို ချီဖွေ- ပန်ဝါကားလမ်းက စစ်ဆေးရေးဂိတ်နဲ့ ပြည်သူ့စစ် စခန်းအချို့ကို လည်း သိမ်းယူခဲ့ပါတယ်။ အဲဒီဘက်က တိုက်ပွဲအခြေအနေကို မေးမြန်းဖို့ KIA ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ် မရခဲ့ပါဘူး။

တချိန်တည်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ သီပေါနဲ့ နောင်ချိုမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

TNLA တအန်းတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဒီကနေ့မှာလည်း သီပေါမြို့ ခလရ ၂၃ နဲ့ နောင်ချိုမြို့နယ် တောင်ခမ်းဘက်မှာလည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေကြောင်း ပြောပါတယ်။

“ ဒီကနေ့မှာ သီပေါမှာဆိုရင်တော့ ခလရ ၂၃မှာ တိုက်ပွဲတွေ ပြင်းထန်တယ်။ ပြီးတော့ နောင်ချိုမှာဆိုရင်တော့ ၉၀၂နဲ့ ၃၅၄မှာ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။ ”

နောင်ချိုမြို့နယ် တောင်ခမ်းမှာ အခြေစိုက်တဲ့ အမြောက်စခန်းကွပ်ကဲရေးဌာနချုပ် ၉၀၂ နဲ့ အမြောက်တပ်ရင်း ၃၅၄ တို့မှာ တိုက်ပွဲဖြစ်ပွားနေတာ ၁ လကျော် ကြာမြင့်နေပြီဖြစ်သလို သီပေါမြို့မှာတော့ ပြီးခဲ့တဲ့ လလယ်လောက်က တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာနေတာပါ။

ဒီလ ၅ရက်နေ့ညက စစ်ကောင်စီက သီပေါမြို့ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေရှိခဲ့ပြီး ဒီတိုက်ခိုက်မှုမှာ ဒေသခံ တဦး သေဆုံးပြီး ကလေးအပါအဝင် ၈ဦး ဒဏ်ရာရခဲ့ကြောင်း TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြောပါတယ်။

“ ဒီအောက်တိုဘာ ၅ရက်နေ့မှာ စစ်ကောင်စီက လေယာဉ် ဂျက်ဖိုက်တာကနေတဆင့်ပေါ့နော်။ ပေါင် ၅၀၀ ဗုံး ဗုံးကြဲတိုက်ခိုက်တယ်။ အဲဒီ တိုက်ခိုက်မှုမှာ အရပ်သား တဦးသေဆုံးပြီးတော့မှ ကလေးအပါအဝင် ဒေသခံ ၈ဦး ထိခိုက်ဒဏ်ရာရပါတယ်။ ပြီးတော့ နေအိမ်နဲ့ အခြား အဆောက်အဦးတွေလည်း ပျက်စီးသွားပါတယ်။ ”

စက်တင်ဘာလ ၂၈ရက်ကနေ ၃၀ရက်အထိ ၃ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုမှာ အရပ်သား ၄ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရခဲ့ကြောင်းလည်း TNLA က အောက်တိုဘာလ ၁ရက်နေ့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီလ၆ရက်နေ့ ၊နေ့လည် ၁နာရီခွဲအကျော်မှာလည်း လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းက ပေါက်ကွဲအားပြင်းထန်တဲ့ ဗုံး ၂လုံး ကြဲချခဲ့ကြောင်း၊ ဒီတိုက်ခိုက်မှုမှာ ပြည်သူ တဦး ထိခိုက်ပြီး နေအိမ်အချို့ ပျက်ဆီးခဲ့ကြောင်း MNDAA ကိုးကန့်တပ်က သတင်းထုတ်ပြန်ထားပါတယ်။

လားရှိုးမြို့ကို MNDAA ကိုးကန့်တပ်က သိမ်းယူပြီးနောက် သြဂုတ်လ၃၀ရက်နေ့ကနေ အောက်တိုဘာလ ၆ရက်နေ့အထိ စစ်ကောင်စီက လေကြောင်းကနေ အနည်းဆုံး ၁၂ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒီလ ၄ရက်နေ့ လေကြောင်းတိုက်ခိုက်မှုမှာတော့ လားရှိုးမြို့က ထင်ရှားတဲ့ ကွမ်ရင်ဘုရားကျောင်းက အဆောက်အဦတွေ ထိခိုက်ပျက်ဆီးခဲ့ပါတယ်။

SEE ALSO: လားရှိုးမှာ စစ်တပ်ဗုံးကြဲတိုက်ခိုက်မှု ပြင်းထန်

ဒီလို မကြာခဏ လေကြောင်းက တိုက်ခိုက်တာကြောင့် လားရှိုးမြို့ခံတွေဟာ ထပ်မံ ထွက်ပြေးတိမ်းရှောင်တာတွေ လည်း ရှိနေပါတယ်။ ဒီရက်ပိုင်းမှာတော့ လားရှိုးမြို့ အပါအဝင် သီပေါ၊ကျောက်မဲ၊ နောင်ချိုစတဲ့မြို့တွေမျာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပါတယ်။

လက်ရှိ ကချင်နဲ့ ရှမ်းမြောက်ဒေသတိုက်ပွဲသတင်းကိုတော့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မတွေ့ရပါဘူး။

Your browser doesn’t support HTML5

ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်