ကချင်ပြည်နယ် ဗန်းမော်မြို့ လေယာဉ်ကွင်းကို ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIA က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီးနောက် လေယာဉ်ခရီးစဉ်တွေရပ်နားခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။ တိုက်ခိုက်မှုအပြီး မနေ့နှောင်းပိုင်းမှာပဲ ဝိုင်းမော်မြို့နယ် ဝါးရှောင်ရွာကိုစစ်ကောင်စီက လေကြောင်းကတိုက်ခိုက်ခဲ့တာကြောင့် အဆောက်အဦးတခု ထိခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။
ကချင်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုစံကျော် တင်ပြထားပါတယ်။
ကချင်ပြည်နယ် ဗန်းမော်နဲ့ မိုးမောက်ကြားမှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ကချင်ပြည်နယ် ဗန်းမော်မြို့လေဆိပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ခရီးစဉ်တွေ ရပ်ဆိုင်းထားကြောင်းကချင်ဒေသခံ တဦးက ပြောပါတယ်။
“မိုးမောက်နဲ့ ဗန်းမော်ကြားလည်း နေ့တိုင်း တိုက်ပွဲတွေ ဖြစ်နေတယ်။ လေကြောင်းတိုက်ခိုက်တာတွေ ပုံမှန် ဖြစ်နေတယ်။ ဗန်းမော်ဘက်ကတော့ မနေ့က လေဆိပ်ကို ရှော့တိုက်ဒုံးနဲ့ပစ်တော့ လေယာဉ်ခရီးစဉ်တွေ ရပ်ထားတယ် ပြောတယ်။”
လွန်ခဲ့တဲ့ မတ်လ ၇ ရက်နေ့ကလည်း ဗန်းမော်လေဆိပ်မှာလက်နက်ကြီးကျပြီး ပြေးလမ်းထိခိုက်ခဲ့ တာကြောင့်လေယာဉ်ခရီးစဉ်တွေကို ၈ ရက်ခန့် ရပ်နားခဲ့ရပါတယ်။ မိုးမောက်နဲ့ဗန်းမော်ကြားမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့တိုက်ပွဲတွေဖြစ်နေတာ ၂ လကျော် ကြာမြင့်လာနေပြီဖြစ်ပါတယ်။
ကချင်ပြည်နယ်က တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ကန်ပိုက်တီ (ကံပိုင်တည်) မြို့ကို KIA ကသိမ်းယူလိုက်တဲ့နောက်မှာ ဝိုင်းမော်- ကန်ပိုက်တီ ကားလမ်းက မြို့၊ ရွာအချို့ကို လေကြောင်းက တိုက်ခိုက်တာတွေ ရှိလာနေတာပါ။ အလားတူပဲ ဒီလနိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၃ နာရီခွဲခန့်မှာ ဝါးရှောင်ရွာကို လေကြောင်းက တိုက်ခိုက်တာရှိခဲ့ကြောင်း ဝိုင်းမော် ဒေသခံတဦးက VOA ကို ပြောပါတယ်။
“မနေ့က ဝါးရှောင်မှာ အဲဒီ ဝါးရှောင်ဆည် ဆည်မြောင်းရုံးလို့ ပြောရမှာပေါ့။ အရင်တုံးကတော့ ဆည်ရှိတဲ့ ဆည်မြောင်းရုံးဆိုတာ ရှိတယ်လေ။ အဲဒီမှာ ဆည်မြောင်းရုံးမှာ လေယာဉ်လာကြဲတယ်လို့ ကြားတယ်။ လူအထိအခိုက်တော့မထိဘူးလို့ ကြားတယ်။”
ဒေသတွင်းသတင်းမီဒီယာတွေမှာတော့ ဂျက်တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံးကြဲချခဲ့ကြောင်း၊ အခြား တလုံးက KIA တပ်တွေ နေရာယူထားတဲ့ ၁၃ ကီလို စုပေါင်းဂိတ်မှာ ဖြစ်ကြောင်း ဖော်ပြပါတယ်။
လောလောဆယ်မှာ ဝိုင်းမော်-ကန်ပိုက်တီလမ်းရှိ ဝိုင်းမော် ခလရ ၅၈ တပ်ရင်းဂိတ်နဲ့ ဝူယန်ပြည်သူ့စစ် ဂိတ်တွေကလည်းဖြတ်သန်းသွားလာခွင့်ပိတ်ထားပါတယ်။ ဒီလ ၂၄ ရက်နေ့က ဝိုင်းမော်မြို့နယ် နန့်ဝါ ကျေးရွာအနီးကို လေကြောင်းကဗုံးကြဲခဲ့တာကြောင့် နေအိမ် ၃ လုံးပျက်စီးပြီး လူတယောက်ထိခိုက်ခဲ့ကြောင်းနဲ့ ၂၂ ရက်နေ့မှာတော့ ဆဒုံးမြို့ ဗုံးကြဲတိုက်ခိုက်မှုမှာ ဟိုတယ်တလုံးနဲ့ မြို့နယ်အုပ်ချုပ်ရေးရုံး ပျက်စီးခဲ့ကြောင်းလည်း ဒေသတွင်း သတင်းမီဒီယာတွေကဖော်ပြပါတယ်။
ကချင်ပြည်နယ်တွင်း တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
Your browser doesn’t support HTML5