မြဝတီခရိုင်တွင်း စစ်ရေးတင်းမာ

မြဝတီမြို့အနီးတွေ့ရတဲ့ KNU ပူးပေါင်းတပ်ဖွဲ့ဝင်များ (စက်တင်ဘာ ၂၀၂၄)

ကရင်ပြည်နယ်အတွင်းမှာ မြဝတီခရိုင်ထဲက စစ်တပ်စခန်း ၄ ခုလောက်ကို ဒီရက်ပိုင်းအတွင်း လက်လွှတ်ခဲ့ရတဲ့နောက်မှာ စစ်ကောင်စီတပ်တွေဟာ ကော့ကရိတ်ကနေ မြဝတီဘက်ကို စစ်တပ်အားဖြည့်နေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ KNLA /PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ မြဝတီခရိုင်အတွင်း အခြေအနေကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA /PDF ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး တဲ့နောက် လေးကေ့ကော် စွယ်တော်အမြောက်ကုန်း နဲ့ ကာကင်းစခန်းအပါအဝင် စစ်ကောင်စီဘက်က စစ်စခန်းတွေကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ တချိန်တည်းမှာပဲ ကော့ကရိတ်ဘက်ကနေ စစ်ရေး အရှန်မြှင့်ပြီး မြ၀တီဘက်ကို စစ်တပ်အင်အားတချို့တက်လာပြီး လက်နက်တွေနဲ့ပစ်ခတ်နေတာတွေ ရှိနေတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ကော့ကရိတ်ကနေ မြ၀တီအထွက်ဘက်ကို အပေါ်ဘက်မှာ စစ်တပ်ကတက်သွားတာ တွေ့တယ်။ ကားလမ်းဘက်ခြမ်းဘက်ကိုလည်း တက်သွားတာလည်း တွေ့တယ်။ လက်နက်ကြီးတွေပစ်သံလည်း ကြားတယ်။ ကော့ကရိတ်ကနေ မြ၀တီဘက်ကိုထွက်တဲ့လမ်းမှာလည်း ကင်းပုန်းဝပ်တာတွေလည်း ရှိတယ်။ စစ်တပ်လမ်းကြောင်းတွေရှိတယ်။ ကျနော်တို့ အဲဒီဘက်တွေကိုတော့ ခရီးသွားတွေ ကားတွေက သွားလာလို့မသွားရဲကြတော့ဘူး။”

မြ၀တီမြို့ဘက်မှာတော့ ခလရ ၂၇၅ နဲ့နယ်ခြားစောင့်တပ်ရှိရာနေရာကို လေကြောင်းကနေ ကျည်ဆံနဲ့ စားနပ်ရိက္ခာတွေပို့ပြီး စစ်ကောင်စီက စစ်ရေးအရှိန်မြှင့်ဖို့လုပ်နေတယ်လို့ ပူးပေါင်းတပ်တွေဘက်က ပြောသလို အောက်တိုဘာလ ၂၀ ရက်နေ့ကတော့ လေကြောင်းကနေ လေးလံတယ်လို့ယူဆရတဲ့ ပစ္စည်းတွေလာချတာ မြင်ရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

“မြ၀တီဘက်ကို ပျံသန်းလာတာတွေ တွေ့ရတယ်။ မြ၀တီဘက်ကိုရောက်ခါနီးမှာ လေယာဉ်က အပေါ်ကိုထောင်တက်ပြီးတော့ မည်းမည်းအထုတ်တွေ ပစ်ချတာတွေ့တယ်။ လေယာဉ်ဝဲပြီး အထုတ်တွေချတာတွေ့တယ်။”

စစ်ကောင်စီတပ်စခန်းတွေ သိမ်းပိုက်ခံရသလို စစ်ကောင်စီဘက်ကလည်း အခုအခါမှာ ကော့ကရိတ် ဘက်ကနေ စစ်ရေးအရှိန်မြှင့်လာတဲ့အတွက် ဒေသခံတွေက စိုးရိမ်နေပြီးတချို့လည်း နေရာပြောင်းရွှေ့ ပြီး နေထိုင်နေကြသူတွေလည်းရှိလာပါတယ်။ ပြီးခဲ့တဲ့မတ်လလောက်ကစပြီး ကရင်ပြည်နယ် မြ၀တီ ခရိုင်ထဲက စစ်ကောင်စီတပ်စခန်းအတော်များများကို ပူးပေါင်းတပ်တွေက ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး တဲ့နောက် စစ်ကောင်စီဘက်က ခြေလျင်တပ်တွေက ထိုးစစ်ဆင်နိုင်တာသိပ်မရှိတော့ဘဲ လက်နက်ချ အညံ့ခံတာ၊ စခန်းစွန့်ခွါထွက်ပြေးတာတွေပဲများလာပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီးတွေနဲ့ပဲ ပစ်ခတ်လာနေခဲ့ကြတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြဝတီခရိုင်တွင်း စစ်ရေးတင်းမာ