အိန္ဒိယကုန်တင်သင်္ဘော စစ်တွေဆိပ်ကမ်းကို ဒီကနေ့ စတင်ထွက်ခွာမည်

စစ်တွေဆိပ်ကမ်း

အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ ဆိပ်ကမ်းကနေ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က စစ်တွေဆိပ်ကမ်းကို ဒီကနေ့ မေလ ၄ ရက်နေ့မှာ ကုန်တင်သင်္ဘော ပထမဆုံးအကြိမ် စတင် ထွက်ခွာမှာဖြစ်ပါတယ်။

ကုလားတန် ဘက်စုံစီမံကိန်းအစီအစဥ်နဲ့ အိန္ဒိယက အနည်းဆုံး ဒေါ်လာ သန်း ၅၀၀ အကုန်အကျခံ တည်ဆောက်ထားတဲ့ ဆိပ်ကမ်း စတင် ဖွင့်လှစ်တဲ့အနေနဲ့ ကာလကတ္တားမြို့၊ Shyama Prasad Mookerjee ဆိပ်ကမ်းကနေ ထွက်ခွာမယ့် ကုန်တင်သင်္ဘောကို အိန္ဒိယ ဆိပ်ကမ်းနဲ့ ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး Santanu Thakur (စန်တူး ထာကူးရ်) က ဒီကနေ့မှာ တရားဝင်ဖွင့်လှစ်ပေးမှာဖြစ်ကြောင်း အိန္ဒိယ သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ စစ်တွေဆိပ်ကမ်းတခုထဲအတွက် ကုန်ကျငွေကတော့ ဒေါ်လာ သန်း ၁၂၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

စစ်တွေဆိပ်ကမ်းကတဆင့် အိန္ဒိယနိုင်ငံအတွင်းက လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကုန်းတွင်းပိုင်းဒေသတွေအတွက် ကုန်ပစ္စည်းတွေကို နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနယ်ခြားဒေသကို ဖြတ်သွယ်ထားတဲ့ ကီလိုမီတာ ၆၀ ရှည်လျားတဲ့ Siliguri စင်္ကြန်ကနေ ဘင်္ဂလားပင်လယ်အော်ကတဆင့် ရခိုင်ပြည်နယ် စစ်တွေနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို ဖြတ်ပြီး ရေလမ်း၊ ကုန်းလမ်းကနေ ပို့ဆောင်ဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။ Siliguri စင်္ကြန်ဟာ ကျဥ်းမြောင်းပြီး အနည်းငယ် ရှည်တဲ့အတွက် “ကြက်လည်ပင်း” – Chicken Neck လို့လည်း ခေါ်ကြပါတယ်။

ဒီလမ်းကြောင်းကို အဓိက ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် အသုံးပြုဖို့ အိန္ဒိယအစိုးရဘက်က ရည်ရွယ်ထားပေမယ့်လည်း အိန္ဒိယရဲ့ အရှေ့မြောက်ဒေသက လမ်းကြောင်းမှာ စိန်ခေါ်မှုတွေ ရှိနေသေးတဲ့အတွက် ကုန်စည် စီးဆင်းမှု အဆင်ပြေ ချောမွေ့စေဖို့အတွက် တခြားလမ်းကြောင်းတွေကိုလည်း ရှာဖွေနေတယ်လို့ ဆိုပါတယ်။

ကုလားတန်မြစ်ကြောင်း ဘက်စုံဖွဲ့ဖြိုးတိုးတက်ရေး စီမံကိန်းကို မြန်မာနဲ့ အိန္ဒိယအစိုးရကြား ပြီးခဲ့တဲ့ ၂၀၀၈ခုနှစ်ကတည်းက သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၀၉ခုနှစ်မှာ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

စစ်တွေဆိပ်ကမ်းကို အခုလ ၉ ရက်နေ့မှာ တရားဝင်ဖွင့်ပွဲ ပြုလုပ်သွားမယ်လို့ အိန္ဒိယတာဝန်ရှိသူတွေရော ရခိုင်အစိုးရ ပြောခွင့်ရကပါ ပြောဆိုထားပါတယ်။