ဘီလူးချောင်းဒေသခံတွေ ရေဘေးသင့်

ဝီကီဖီးဒီယားစာမျက်နှာမှာ မြင်တွေ့ရတဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲရေကာတာ / မိုးဗြဲဆည်

ရှမ်းပြည်တောင်ပိုင်း မိုးဗြဲရေကာတာ ဖွင့်ချလိုက်ပြီးနောက် ဘီလူးချောင်းတလျှောက်က ရေဘေးသင့် ကျေးရွာသားတွေ ဘေးလွတ်ရာ ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေဘေးကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေလည်း ထိခိုက်မှုတွေ ရှိခဲ့တာပါ။ ရှမ်းပြည်တောင်ပိုင်းက ရေဘေးသင့် နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်ကနေ သတင်းပေးပို့ ထားပါတယ်။

မကြာသေးခင် ရက်တွေက မိုးဗြဲရေကာတာ ဖွင့်ချပြီးတဲ့နောက် ဘီလူးချောင်းတလျှောက်က ကျေးရွာ ၁၀ ထက်မနည်း ရေကြီးရေလျှံမှုနဲ့ ကြုံနေရပြီး စစ်ဘေးရှောင်နဲ့ ဒေသခံတွေ အရေးပေါ် ရွှေ့ပြောင်းထားရတယ်လို့ မိုးဗြဲစစ်ဘေးရှောင်ကော်မတီ တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

"ရေမြုပ်သွားတာကျတော့ ဒီမိုးဗြဲမြို့ပေါ် ၄ ရပ်ကွက်ပေါ့နော်၊ ၄ရပ်ကွက်မြုပ်လိမ်မယ်။ နောက် မိုးဗြဲအင်း ဖလိုင်အင်း အပါအဝင်ပေါ့နော်၊ ဒီကယားပြည်နယ်ဘက်ဆိုရင် ဖောင်းတော်အင်းတို့ ဘုရားဖြူ ဘုရားနီကျေးရွာတို့ ဘာတို့ဆို အကုန်လုံးက ခန့်မှန်းချေကျေးရွာကျတော့ ၁၀ ရွာဝန်းကျင်လောက်တော့ မြုပ်သွားတာပေါ့နော်။ နောက်ပြီး စစ်ဘေးရှောင်နဲ့ ဒေသခံတွေကျတော့လည်း ၁၂၀၀ ကနေ ၁၅၀၀ ကြား အဲ့ဝန်းကျင်လောက်တော့ ယာယီရွှေ့ပြောင်းရတယ်ပေါ့နော်။"

မိုးဗြဲရေကာတာ ဖွင့်ချလိုက်ပြီးနောက်ဆက်တွဲ ရေေးဘသင့် အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို VOA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။ ရေဘေးကြောင့် ဒေသခံတွေ အဓိကလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ရှိနေတယ်လို့လည်း မိုးဗြဲစစ်ဘေးရှောင် ကော်မတီတာဝန်ရှိသူက ပြောပါတယ်။

"ကျနော်ဒီမိုးဗြဲဘက်ခြမ်းမှာ ခန့်မှန်းခြေအရဆိုရင် လယ်မြေဧက ၁,၀၀၀ ဝန်းကျင်လောက်တော့ပျက်စီးတယ်ပေါ့နော်။ ဒီ ငါးကန်ကျတော့ ဒီမိုးဗြဲဖက်ခြမ်းကိုမှ ဧက ၂၀၀ ဝန်းကျင်လောက်တော့ ပျက်သွားတယ်ပေါ့ ရေမြှုပ်သွားတယ်ပေါ့နော်၊ ၂၀၀ ဝန်းကျင်လောက်တော့ ရှိလိမ့်မယ်ဗျ။ ဒါပေမယ့် ကယားပြည်နယ်ဘက်ထိတော့ ကျနော်လည်း အတိအကျမသိရသေးဘူးဗျ။"

မိုးဗြဲမြို့ပေါ် ၄ ရပ်ကွက်နဲ့ ဒီးမော့ဆိုဘက်က ဘုရားဖြူကျေးရွာ ဘုရားနီကျေးရွာ အပါအဝင် လွိုင်ကော်ဘက်မှာလည်း ရေနစ်မြုပ်နေတာပါ။ ရေဘေးသင့်သူတွေအတွက် အရေးပေါ် အကူအညီတွေလည်း လိုအပ်နေတယ်လို့ မိုးဗြဲစစ်ဘေးရှောင်ကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

"တချို့လူအတွက်တွေကျတော့ ဒီအစားအသောက်တွေ ရေမြှုပ်သွားတဲ့ဟာ အဲ့ဒီအကုန်လုံးစိုသွားတဲ့ဟာတွေပေါ့နော်၊ အဲ့ဒါတွေကျတော့ အကူအညီတော့ လိုအပ်တယ်ပေါ့နော်၊ အဓိက သူတို့အတွက် စားသောက်ရေးအတွက်ပေါ့ အခြေခံစားသောက်ကုန်တွေပေါ့နော်၊ နောက်ပြီး အဝတ်အစားအချို့ လိုအပ်မှာပေါ့၊ အခု လက်ရှိထိတော့ ကျနော် ကြားမိတာကျတော့ ဒီကြီးကြီးမားမား အလှူလာပေးတဲ့အဖွဲ့အစည်းတွေရော တစ်ဖွဲ့မရှိသေးဘူးပေါ့နော်။ အချို့တော့ရှိလိမ်မယ် ဒါပေမယ့် တသီးပုဂ္ဂလကနေ ပေးတဲ့ဟာတို့ နောက်ပြီးတော့ အသင်းအဖွဲ့တခုဆိုလည်း နည်းနည်းသေးသေးမွှားမွှားလေးတွေ အဲလိုမျိုးလောက်ပဲ ရှိသေးတယ်ပေါ့နော်။"

မကြာသေးခင်ရက်တွေက ဘီလူးချောင်းရေ ၈ပေထက်မနည်း မြင့်တက်ခဲ့ပေမဲ့ အခုနောက်ဆုံး ၂ပေလောက် ရေပြန်ကျသွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ မိုးဗြဲမှာတော့ ရေရှည်ဝမ်းရေးအတွက် မိုးစပါးနဲ့ ငါမွေးမြူးရေးလုပ်ငန်းကိုသာ အဓိက လုပ်ကိုင်နေတာဖြစ်ပြီး အခုလို ရေကြီးနစ်မြုပ်မှုကြောင့် ရေရှည်စားနပ်ရိက္ခာ ဖူလုံမှုထိခိုက်မှာကိုလည်း စိုးရိမ်နေကြပါတယ်။

Your browser doesn’t support HTML5

ဘီလူးချောင်းဒေသခံတွေ ရေဘေးသင့်