မလေးရှားနိုင်ငံမှာ ပုံမှန်ထက် လွန်ကဲ ရွာသွန်းခဲ့တဲ့ မုတ်သုန်မိုးကြောင့် ဆယ်စုနှစ်တစုအတွင်း အဆိုးရွားဆုံး ရေးဘေးဒဏ် ခံနေရတာမှာ လူ ၃ ဦးသေဆုံးပြီး ၉ သောင်းကျော် အိုးအိမ်မဲ့ခဲ့ရပါတယ်။ ပြည်နယ် ၉ ခုမှာရှိတဲ့ အိမ်ခြေ ၂၈၀၀၀ ကျော်၊ လူဦးရေ အားဖြင့် ၉၄၇၇၀ ကျော်ကို ယာယီခိုလုံရေးစခန်း ၅၀၀ ကျော်ဖွင့်ပြီး နေရာချထားပေးနေတဲ့အကြောင်း မလေးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲရေးဌာနရဲ့ အွန်လိုင်းစာမျက်နှာ ပေါ်မှာ သောကြာနေ့က ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံနဲ့ နယ်ချင်းစပ်နေတဲ့ အရှေ့မြောက်ပိုင်း Kelantan ပြည်နယ် ကတော့ ရေဘေးဒဏ်ကို အဆိုးဆုံး ခံခဲ့ရပြီး အဲ့ဒီဒေသတခုတည်းမှာတင် လူပေါင်း ၆ သောင်းကျော်ကို ကယ်ထုတ်ခဲ့ ရပါတယ်။ Kelantan ပြည်နယ်နဲ့ စပ်နေတဲ့ Terengganu ပြည်နယ်မှာတော့ လူပေါင်း ၂ သောင်းကျော် အိုးအိမ်မဲ့ခဲ့ရပြီး ရေဘေး ဒုတိယအဆိုးဆုံး ကြုံခဲ့ရပါတယ်။ ဒီလိုအချိန်မှာ အစိုးရ ကတ်ဘိနက် ဝန်ကြီးတွေ အားလုံးကို အားလပ်ရက် ခရီးမသွားဖို့ တားမြစ်ထားပြီး ရေဘေးသင့် ဒေသတွေအတွက် လိုအပ်တဲ့ အကူအညီတွေ ဖြန့်ဝေပေးဖို့ ညွန်ကြားထားတယ်လို့ ဝန်ကြီးချုပ် Anwar Ibrahim က သောကြာနေ့က ပြောပါတယ်။
ဒီနှစ်ကြုံရတဲ့ ရေဘေးဟာ အရင် ၂၀၁၄ ခုနှစ်တုန်းက လူပေါင်း ၂၁ ယောက် သေဆုံးပြီး လူ ၂ သိန်းခွဲကျော် အိုးအိမ်မဲ့ခဲ့ရတဲ့ အခြေအနေထက် ပိုဆိုးနိုင်ဖွယ် ရှိနေတဲ့အကြောင်း သဘာဝဘေးအန္တရာယ် တုံ့ပြန်ကိုင်တွယ်ရေး ဌာနတွေရဲ့ ဒုတိယ အကြီးအကဲ Ahmad Zahid Hamidi က သတိပေးထားပါတယ်။ အခုရေဘေးသင့်တဲ့ ဒေသတွေအပြင် နောက်ထပ် ဒေသတွေမှာပါ ရှေ့လထဲ မိုး အပြင်းအထန် ဆက်ရွာနိုင်သေးတဲ့အကြောင်း မိုးလေဝသ ဌာနကလည်း သတိပေးထားပါတယ်။