ရေကြီး သဘာဝဘေးဒဏ် တွေ့ကြုံရအပြီး၊ စိတ်ပိုင်းဆိုင်ရာ ရှေ့ဦးသူနာပြုစုရေး ကူညီလုပ်ပေးသင့်တာတွေကို စိတ်ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုကြပါတယ်။
ပြီးခဲ့တဲ့အပတ်က ပြောခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုရေးမူ အခြေခံ (၅) ချက်ကို ကိုင်စွဲပြီး လက်တွေ့လုပ်ဆောင်ပေးသင့်တာတွေ ရှိပါတယ်။ ဒီအခြေခံအချက်ကြီးတွေဖြစ်တဲ့ လုံခြုံမှု၊ စိတ်ချမ်းသာမူ၊ ချိတ်ဆက်မှု၊ ပြန်လည်ရပ်တည်နိုင်မှုနဲ့၊ မျှော်လင့်ချက် ပြန်ပေါ်လာမှုတွေ ပြန်ရရေး၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ရပ်ရွာအသင်းအဖွဲ့တွေ၊ ရပ်ရွာလူကြီးတွေနဲ့ စေတနာရှင်တွေအနေနဲ့ လုပ်ပေးသင့်တာ (၃) ခု ရှိပါတယ်။ ဒါတွေကတော့ ကြည့်ရှုလေ့လာဆန်းစစ် (Look) ကူညီပေးတာ၊ နားထောင်ပေးတာ (Listen) နဲ့ အချိတ်အဆက်လုပ်ပေးတာ (Link) တွေပါ။
ကြည့်ရှုလေ့လာဆန်းစစ် ကူညီပေးတာမှာ ရေဘေးခံရသူတွေ ဖြစ်ပျက်၊ ဆုံးရှုံးခဲ့တာတွေကို အသေအချာဆန်းစစ်ပြီး အခြေခံလိုအပ်မှု စ ဖြည့်ဆည်းပေးတာပါ။ ဦးစားပေးသင့်တဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ် (အထူးသဖြင့်မိဘမဲ့သွားသူ) တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နာမကျန်းဖြစ်နေသူ (ရောဂါအခံရှိသူ) တွေကို အရင်ဆုံး ကူညီပေးပြီး၊ ကျန်သူတွေကို ဆက်ကူညီပေးသင့်ပါတယ်။ အခြေခံ လိုအပ်ချက်တွေကတော့ အစားအသောက်၊ ရေ၊ ဆေးဝါ၊ ယာယီတဲ၊ မိုးကာနဲ့ အဝတ်အထည်၊ အသေးသုံးငွေတွေဖြစ်လေ့ရှိပြီး ချက်ချင်းကူညီပေးသင့်ပါတယ်။
နားတောင်ပေးတာမှာလည်း စိတ်လုံခြုံမှုရရေး ဆောင်ရန်ရှောင်ရန်တွေ ရှိပါတယ်။ ဆောင်ရန်က ရေဘေးဒုက္ခသည်တွေ ကြုံခဲ့ရတဲ့ စိတ်ပူဆွေးသောကတွေကို ရင်ထဲသိမ်းထားဖို့ အဆင်မပြေတာကြောင့် ဖွင့်ပြောလာတာ၊ ငိုလာတာတွေကို အလိုက်သင့် နားထောင်ပေးသင့်ပါတယ်။ ရှောင်ရန်ကတော့ သူတို့ကို အတင်းဖိအားပေး ပြောခိုင်းတာ သူတို့ မပြောချင်တာ အတင်းမေးတာ မလုပ်ဘဲ၊ သူတို့ ဖွင့်ပြောလာတာကိုသာ အလိုက်သင့် နားထောင်ပေးတာပါ။ ဒါ့အပြင် သတင်းမီဒီယာပေါ် ကိုယ်ရေးကိုယ်တာ မတင်စေချင်တာ ရှိနိုင်တာအတွက် ကြိုမေးပြီး၊ ခွင့်မပြုလျှင် မတင်သင့်ပါဘူး။
နောက်ဆုံးလုပ်ပေးသင့်တာဖြစ်တဲ့ အချိတ်အဆက် လုပ်ပေးတာကလည်း စိတ်ပိုင်းဆိုင်ရာ အထီးကျန်မဆန်ဘဲ အများနဲ့ ဆက်ရပ်တည်နိုင်အောင်ပါ။
ကွဲသွားနိုင်တဲ့ မိသားစုဝင်/မိတ်ဆွေတွေနဲ့ စကားပြောဖို့ မိမိလက်ကိုင်ဖုန်း ခဏပေးပြီး စကားပေးပြောတာ၊ မိသားစုဝင်တွေ (သို့မဟုတ်) မိတ်ဆွေတွေ မရှိတော့လျှင်လည်း တခြားခိုလှုံနိုင်စရာ နေရာမျိုးတွေကို ရှာဖွေပို့ဆောင်ပေးတာ၊ တခြား အကူအညီပေးနိုင်တဲ့အဖွဲ့တွေနဲ့ ချိတ်ဆက်ပေးတာတွေ လုပ်ပေးသင့်ပါတယ်။ အခုလို အချိတ်အဆက်ပြန်ရှိလာလျှင် စိတ်ကိုကြံကြံခံနိုင်ပြီး ဒုက္ခတွေကျော်လွှားနိုင်ဖို့ အထောက်အကူ ပြုစေနိုင်ပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်းက ဩစတျေးလျနိုင်ငံ၊ Queensland ပြည်နယ် ဆေးရုံက စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး ဒေါက်တာသက်ဌေးကို ဆက်သွယ်မေးမြန်းပြီး တင်ပြလိုက်ပါတယ်။
Forum