Florence မုန်တိုင်း အန္တရာယ်ကြီးဆဲ

အမေရိကန် အရှေ့တောင်ပိုင်းဒေသမှာ Florence ဟာရီကိန်း မုန်တိုင်းဒဏ်ကို ခံနေရဆဲ ဖြစ်ပြီး မြောက်ကာရိုလိုင်းနား ပြည်နယ်ထဲမှာတော့ မုန်တိုင်းကြောင့် မိုးနဲ့အတူ ရေကြီးတဲ့ ဒဏ်ကို ခံနေရပါတယ်။

ဒေသခံတွေ ရေကြီးတဲ့ အန္တရာယ်သတိထားကြဖို့၊ ရာသီဥတု သတိပေးချက်တွေကို နားထောင်ကြဖို့နဲ့ ဘေးလွတ်ရာ ရှောင်ခိုင်းတဲ့အခါ စိတ်ချရတဲ့ နေရာကိုရွှေ့ပြောင်းကြဖို့ မြောက်ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူး Roy Cooper က တနင်္ဂနွေနေ့ သတင်းစာရှင်းလင်းပွဲမှာ ထပ်ပြီး သတိပေးနေပါတယ်။

ဒါ့အပြင် ရေလျှံနေတဲ့ လမ်းတွေမှာ ရေက လက်မအနည်းငယ်ပဲ ရှိတာတောင် ကားတွေမျောသွားနိုင်တဲ့ အန္တရာယ် ရှိနေတာမို့ အဲဒီလမ်းတွေပေါ် ကားဖြတ်မမောင်းကြဖို့ သတိပေးထားပါတယ်။

Florence ဟာရီကိန်းမုန်တိုင်းဟာ အတ္တလန်တိတ်သမုဒ္ဒရာ အလယ်ပိုင်းကို ဦးတည်ပြီး တဖြည်းဖြည်း ရွေ့လျားနေတာ ဖြစ်ပါတယ်။ အခုအခါမှာ လေဖိအားနည်းရပ်ဝန်းအဖြစ်ရှိနေပေမယ့် အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်း တချို့ဒေသ တွေမှာ မိုးရေချိန်လက်မ အတော်များများ ရွာသွန်းနိုင်ကြောင်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

အခုအချိန်အထိ ဒီမုန်တိုင်းကြောင့် သေဆုံးရသူက ၁၄ ဦးထက်မနည်းရှိနေပါပြီ။ တချို့မြို့တွေဟာ ရေကြီးတဲ့ ဒဏ်ကြောင့် အဆက်အသွယ် လုံးဝ ပြတ်တောက်နေပါတယ်။ အဝေးပြေးလမ်းမကြီးတွေ ရေလွှမ်းနေပြီး နေအိမ်ပေါင်း ၇၀၀,၀၀၀ ကျော် လျှပ်စစ်မီးမရဘဲ ဖြစ်နေပါတယ်။

မြောက်ကာရိုလိုင်းနား ပြည်နယ်တွင်းက နေရာအတော်များများကို လေဆင်နှာမောင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ မြောက်ကာရိုလိုင်းနားပြည်နယ်တွင်း မုန်တိုင်းဒဏ် အပြင်းထန်ဆုံး ခံရတဲ့ မြို့က New Bern မြို့ဖြစ်ပါတယ်။

လက်ရှိမှာ လေတိုက်နှုန်း တနာရီ ၃၄ မိုင်လောက်ရှိနေပြီး မိုးရေချိန်က ၁၅ လက်မကနေ လက်မ ၂၀ အထိ ရွာသွန်းနေတာပါ။ မြစ်ရေတော်တော်နဲ့ ကျဖို့ မရှိတဲ့အတွက် ရေကြီးရေလျှံမှု အန္တရာယ်က ရက်အတော်ကြာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ အခုအချိန်အထိ Florence မုန်တိုင်းဟာ အသက်အန္တရာယ် ခြိမ်းခြောက်မှုရှိတဲ့ မုန်တိုင်းအဖြစ် ရှိနေသေးတယ်လို့ မိုးလေဝသပညာရှင်တွေက ပြောပါတယ်။

Your browser doesn’t support HTML5

Florence မုန်တိုင်း အန္တရာယ်ကြီးဆဲ