သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Florence ဟာရီကိန်း ကုန်းတွင်း စတင်ဝင်ရောက်


အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်းကို ဝင်ရောက်တိုက်ခိုက်ဖို့ရှိတဲ့ အင်အားပြင်း Florence ဟာရီကိန်း မုန်တိုင်းဟာ အဆိုးရွားဆုံး အခြေအနေကို ရောက်မလာခင် ကမ်းခြေကို တဖြည်းဖြည်း ချဉ်းကပ်လာနေပါပြီ။

မုန်တိုင်းရဲ့အရှိန်ဟာ တောင်နဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်တွေက ကမ်းခြေတွေကို ကြာသပတေးနေ့မှာ စတင် ရိုက်ခတ်နေတာမှာ ပြင်းထန်တဲ့ လေအရှိန်နဲ့အတူ မိုးလည်း တပါတည်း ပါလာပါတယ်။

အမေရိကန်မုန်တိုင်း တိုင်းထွာရေးဌာနရဲ့ အဆိုအရ Florence မုန်တိုင်းဟာ ကြာသပတေးနေ့ နှောင်းပိုင်းမှာ မြောက်ကယ်ရိုလိုင်းနားပြည်နယ် Wilmington မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၁၀၀ လောက်အကွာမှာ ရှိနေပြီး လေတိုက်နှုန်းဟာ တနာရီကို ၉၇ မိုင်လောက်ရှိတယ်လို့ ဆိုပါတယ်။

မုန်တိုင်းဟာ မူလက ခန့်မှန်းထားတဲ့ ပြင်းအားအဆင့် (၄) ကနေ လျော့ကျပြီး ပြင်းအား အဆင့် (၂) အဖြစ်နဲ့ တောင်နဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ် နှစ်ခုအကြားကို သောကြာနေ့ အစောပိုင်းမှာ စတင် ရောက်ရှိလာမယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။ မုန်တိုင်းရဲ့ ပြင်းအားကျဆင်းသွားပေမယ့်လည်း မုန်တိုင်းဟာ တနေရာထဲမှာ အချိန်အကြာကြီး တည်ရှိနေမှာ ဖြစ်တာကြောင့် ရေကြီးမှုဖြစ်နိုင်တဲ့အပေါ် မိုးဇလ ပညာရှင်တွေက စိုးရိမ်နေကြတာပါ။

မုန်းတိုင်းဟာ သမုဒ္ဒယာထဲကနေ ကုန်းတွင်းပိုင်းဘက်ကို တနာရီ (၇) မိုင်နှုန်းနဲ့ တဖြည်းဖြည်းချင်း ရွေ့လျှားနေတာကြောင့် ကမ်းခြေတလျှောက်မှာ အချိန်ကြာကြာ မွှေနှောက် တိုက်ခတ်ပြီး မုန်တိုင်းရဲ့အရှိန်နဲ့ ပါလာမယ့် မိုးရေချိန်ဟာလည်း ပိုများမယ်လို့ ခန့်မှန်းထားကြပါတယ်။

မုန်းတိုင်းကြောင့် မြောက်ကယ်ရိုလိုင်းနားပြည်နယ်အတွင်းက နေရာတချို့မှာ မိုးရေချိန် လက်မ ၄၀ လောက်အထိ ရွာသွန်းနိုင်ပြီး မုန်တိုင်းအရှိန်နဲ့ တက်လာမယ့် ရေဟာလည်း ၄ မီတာလောက်အထိ မြင့်နိုင်တာကြောင့် အိမ်အတော်များများ မြှုပ်သွားနိုင်တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG