သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဟာရီကိန်း Florence ၀င်ရောက်မယ့် အမေရိကန်အရှေ့တောင်ကမ်းရိုးတန်း တကြော ကြိုတင် ပြင်ဆင်


အင်အားပြင်း ဟာရီကိန်း Florence ၀င်ရောက်လာတော့မယ့် အမေရိကန် ပြည်ထောင်စု အရှေ့တောင်ပိုင်း ကမ်းရိုးတန်းဒေသက ဒေသခံ သန်းပေါင်းများစွာ အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ အပြီးသတ်ကြဖို့ အရေးပေါ် ကယ်ဆယ်ရေး တာဝန်ရှိသူတွေ သတိပေးနေကြပါတယ်။ လတ်တလောမှာတော့ ဟာရီကိန်း Florence ဟာ လေတိုက်နှုန်း တနာရီ ၂၁၅ ကီလိုမီတာနဲ့ ပြင်းအားအဆင့် ၄ ရှိနေပါတယ်။

မြောက်ကယ်ရိုလိုင်းနားနဲ့ တောင်ကယ်ရိုလိုင်းနား ပြည်နယ်တွေအနီး ကုန်းတွင်းပိုင်းကို ချဉ်းကပ်လာချိန်မှာ မုန်တိုင်းဟာ အားလျော့သွားမယ့် အလားအလာမရှိဘူးလို့လည်း မိုးလေ၀သကျွမ်းကျင်သူတွေ ခန့်မှန်းထားကြတာပါ။ နောက်ဆုံးထုတ်ပြန်ချက်တွေအရ မုန်တိုင်းဟာ မြောက်ကယ်ရိုလိုင်းနားပြည်နယ် အရှေ့တောင်ဖက် ၈၅၅ ကီလိုမီတာ အကွာမှာ ရောက်ရှိနေပါတယ်။ အမေရိကန် ကမ်းရိုးတန်းကို ချဉ်းကပ်လာချိန်မှာ မုန်တိုင်းဟာ အကြီးအကျယ် အန္တရာယ်ရှိတဲ့အဆင့်ကို ရောက်ရှိနိုင်ကြောင်းလည်း အမျိုးသား ဟာရီကိန်း မုန်တိုင်းဌာနက ခန့်မှန်းထားတာပါ။ ကမ်းရိုးတန်းနဲ့ ကုန်းတွင်းပိုင်းကို မုန်တိုင်းဝင်ရောက်ချိန်မှာ မြောက်ကယ်ရိုလိုင်းနား၊ တောင်ကယ်ရိုလိုင်းနားနဲ့ ဗာဂျီးနီးယားပြည်နယ်တွေမှာ မိုးသည်းထန်နိုင်တဲ့ အန္တရာယ်လည်း ရှိနေပါတယ်။

ဟာရီကိန်း Florence ကြောင့် မိုးရေချိန် စင်တီမီတာ ၅၀ ကနေ ၇၅ စင်တီမီတာ လောက်အထိ ရွာသွန်းနိုင်ပြီး၊ တချို့နေရာတွေမှာတော့ ၁၀၂ စင်တီမီတာလောက်အထိ ရှိနိုင်တယ်လို့လည်း အမျိုးသား ဟာရီကိန်းမုန်တိုင်းဌာနက ခန့်မှန်းထားတာပါ။ မိုးရေစိမ့်ဝင်နေပြီး မြေပျော့နေချိန်မှာ လေပြင်းတိုက်ခတ်မှုတွေကြောင့် သစ်ပင်တွေနဲ့ လျှပ်စစ်မီးကြိုးတွေ ပြတ်တောက်နိုင်ပြီး၊ သီတင်းပတ်တွေနဲ့ချီ မီးပြတ်လပ်မှုတွေလည်း ကြုံရနိုင်ပါတယ်။ သမ္မတ Donald Trump ကတော့ မုန်တိုင်းကို တုံ့ပြန်ဖို့ အရင်ကဘယ်သူမှ မတွေ့ဘူးလောက်တဲ့အထိ အစိုးရက အသင့်ပြင်ထားကြောင်း ပြောဆိုထားတာပါ။ လိုအပ်သလောက် အကုန်အကျခံ သုံးစွဲသွားမှာ ဖြစ်ကြောင်းလည်း ပြည်ထောင်စုအစိုးရ အရေးပေါ် ကယ်ဆယ်ရေး တာဝန်ရှိသူတွေနဲ့ မနေ့တုန်းက ပြောဆိုရာမှာ သမ္မတက ပြောဆိုခဲ့ပါတယ်။ မြောက်ကယ်ရိုလိုင်းနား၊ တောင်ကယ်ရိုလိုင်းနားနဲ့ ဗာဂျီးနီးယားပြည်နယ်တွေမှာ အရေးပေါ်အခြေအနေ ကြေညာတဲ့ အမိန့်တွေကိုလည်း သမ္မတက လက်မှတ်ရေးထိုးခဲ့သလို၊ ကမ်းရိုးတန်းဒေသက ဒေသခံတွေ ဘေးလွတ်ရာ အမြန်ဆုံးပြောင်းရွှေ့ဖို့လည်း သတိပေးခဲ့ပါတယ်။

အခုချိန်မှာတော့ ဟာရီကိန်းမုန်တိုင်း Florence ဝင်ရောက်ဖြတ်သန်း မယ့် ပြည်နယ်တွေမှာ အရေးပေါ် အခြေအနေတွေ ထုတ်ပြန်ထားပြီး ပြည်နယ်အာဏာပိုင်တွေက အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ ပြင်ဆင်နေကြပြီး ဒေသခံတွေကို မုန်တိုင်းဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ နိုးဆော်သတိပေးနေသလို ဒေသခံအတော်များများလည်း တိမ်းရှောင်သွားနေကြပြီ။ မြောက်ကယ်ရိုလိုင်းနားပြည်နယ်က မြန်မာမိသားစုတွေလည်း မုန်တိုင်း ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်နေကြတဲ့အထဲ မြောက်ကယ်ရိုလိုင်းနားနေ မြန်မာတဦးဖြစ်တဲ့ ကိုအောင်သန်းကို VOA က မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။
( ဆက်သွယ်မေးမြန်းချက်အပြည့်အစုံကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်)
အခုချိန်မှာတော့ အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနား ပြည်နယ်က အရေးပေါ် ကယ်ဆယ်ရေး တာဝန်ရှိသူတွေက အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့အထိ ပြင်းထန်တဲ့ Florence ဟာရီကိန်းမုန်တိုင်း ၀င်မလာခင် ကြိုတင်ပြင်ဆင်မှုတွေကို ဒီနေ့အပြီးသတ်ဆောင်ရွက်ကြဖို့ သတိပေးနေပါတယ်။ မြောက်ကယ်ရိုလိုင်းနားနဲ့ တောင်ကယ်ရိုလိုင်းနား ပြည်နယ်တွေအနီး ကုန်းတွင်းပိုင်းကို ကြာသပတေးနေ့နှောင်းပိုင်း၊ ဒါမှမဟုတ် သောကြာနေ့ အစောပိုင်းမှာ ၀င်ရောက်လာနိုင်တဲ့ မုန်တိုင်းဟာ အားလျော့သွားမယ့် အလားအလာမရှိဘူးလို့လည်း မိုးလေ၀သကျွမ်းကျင်သူတွေ ခန့်မှန်းနေကြပါတယ်။
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG