သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Florence ဟာရီကိန်းမုန်တိုင်း မြောက်ကယ်ရိုလိုင်းနားပြည်နယ် ကမ်းရိုးတန်း စတင်ရိုက်ခတ်


အမေရိကန် အရှေ့ဖက်ခြမ်းကို ချဉ်းကပ်လာနေတဲ့ Florence ဟာရီကိန်းမုန်တိုင်းရဲ့ အနားပိုင်းဟာ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ကမ်းရိုးတန်းကို စတင်ရိုက်ခတ်စ ပြုနေပါပြီ။ မုန်တိုင်းနဲ့အတူ လေပြင်းတိုက်ခတ်ပြီး မိုးအပြင်းအထန် ရွာသွန်းနိုင်တာကြောင့် ထိခိုက်ပျက်စီးမှုတွေလည်း ကြီးမားမယ်လို့ ခန့်မှန်းရပါတယ်။ ပြင်းအားအဆင့် ၂ အထိ အားပျော့သွားပေမဲ့ လေတိုက်နှုန်း တနာရီ ၁၇၅ ကီလိုမီတာနဲ့ ကြီးမားတဲ့ အရွယ်အစားရှိတဲ့ မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုတွေနဲ့ အပျက်အစီး ကြီးမားနိုင်တယ်လို့လည်း မိုးလေဝပညာရှင်တွေ သတိပေးထားတာပါ။

တနာရီကီလိုမီတာ ၂၀ နှုန်းနဲ့ အနောက်မြောက်ဖက်ကို ဦးတည်ပြီး ဖြည်းဖြည်းချင်း ရွေ့လျားနေတဲ့ မုန်တိုင်းကြောင့် မြောက်ကယ်ရိုလိုင်းနားနဲ့ တောင်ကယ်ရိုလိုင်းနား ပြည်နယ်တွေမှာ မိုးသည်းထန်မှုတွေ ကြုံရနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ မုန်တိုင်းဟာ ကမ်းရိုးတန်းဒေသကို သောကြာနေ့ကနေ စနေနေ့အထိ ရွေ့လျား ဝင်ရောက်မယ်လို့လည်း ခန့်မှန်းထားပါတယ်။ နောက်ဆုံးတိုင်းတာချက်တွေအရ မြောက်ကယ်ရိုလိုင်းနားပြည်နယ် အရှေ့နဲ့ အရှေ့တောင်ဖက် ၂၇၅ ကီလိုမီတာအကွာ၊ တောင်ကယ်ရိုလိုင်းနားပြည်နယ် Myrtle ကမ်းခြေ အရှေ့ဖက် ၃၅၅ ကီလိုမီတာ အကွာမှာ ရောက်ရှိနေတာပါ။

မြောက်ကယ်ရိုလိုင်းနားနဲ့ တောင်ကယ်ရိုလိုင်းနား ပြည်နယ်က ဒေသခံတွေ အနေနဲ့ မုန်တိုင်းအန္တယ်ရာယ်ကနေ တိမ်းရှောင်ဖို့နဲ့ ကြိုတင်ပြင်ဆင်ဖို့ ဒီနေ့မိုးမချုပ်ခင်အထိသာ အချိန်ရှိပါတော့တယ်။ ဒေသတွင်းကနေ မုန်တိုင်းထွက်ခွာချိန်မှာ ကမ်းရိုးတန်းဒေသမှာ မိုးရေချိန် စင်တီမီတာ ၅၀ ကနေ ၇၀ လောက်အထိ ရွာသွန်းနိုင်ပြီး၊ တချို့နေရာတွေမှာတော့ စင်တီမီတာ ၁၀၀ လောက်အထိ ရှိလိမ့်မယ်လို့လည်း ခန့်မှန်းထားတာပါ။

ကုန်းတွင်းပိုင်း ဝင်ရောက်ချိန်မှာတော့ တောင်မြောက် ကယ်ရိုလိုင်းနား ပြည်နယ်တွေမှာ မိုးရေချိန် ၂၅ စင်တီမီတာလောက် ရွာသွန်းနိုင်ပြီး အနီးအနား ပြည်နယ်တွေမှာတော့ ၁၅ စင်တီမီတာလောက်အထိ ရှိနိုင်ပါတယ်။ မုန်တိုင်းနဲ့အတူ ပါလာတဲ့ရေထုကြောင့် ကမ်းရိုးတန်းဒေသတွေမှာ ၄ မီတာလောက်အထိ ရေတက်လာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG