ဖလော်ရီဒါလေဆိပ်ပစ်ခတ်မှု သံသယရှိသူကို စွဲချက်တင်

ဖလော်ရီဒါလေဆိပ်ပစ်ခတ်မှု သံသယရှိသူEstenban Santiago

အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်က လေဆိပ်တခု မှာ ပစ်ခတ် တိုက်ခိုက်ခဲ့သူလို့ သံသယ ရှိထားသူကို အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း လူ့အသက်တွေသေကြေစေခဲ့တဲ့ အကြမ်းဖက်မှုနဲ့ စွဲချက်တင်လိုက်ပြီလို့ မိုင်ယာမီမြို့က အစိုးရ ရှေ့နေရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သောကြာနေ့က ပစ်ခတ်မှု အတွင်း လူ ၅ ဦးကို သတ်ဖြတ်ပြီး လူ ၆ ဦး ဒဏ်ရာရစေမှုနဲ့ အီရတ် စစ်ပြန်ဟောင်း အသက် ၂၆ နှစ် အရွယ် Estenban Santiago ကို စွပ်စွဲထားတာပါ။ ဖလော်ရီဒါ ပြည်နယ် Fort Lauderdale လေဆိပ်အတွင်း ပစ်ခတ်မှုကြောင့် လူ ထောင်နဲ့ချီ ကြောက်လန့် ထွက်ပြေးခဲ့ရပြီး လေဆိပ် အတွင်း ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တာပါ။

အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခံရရင်တော့ Santiago အနေနဲ့ သေဒဏ် ဒါမှမဟုတ်လည်း ထောင်ဒဏ် တသက် ချမှတ်ခံရနိုင်ပါတယ်။ Santiago ကို သေနတ်ကိုင်ဆောင်မှုနဲ့လည်း စွဲချက်တင်ထားပါတယ်။ သူ့ကို အာမခံ မပေးဘဲ ဖမ်းဆီးထားပြီး မနက်ဖြန် တနလာၤနေ့ ဖလော်ရီဒါ တရားရုံးမှာ ပထမဆုံး ရုံးထုတ်မှာ ဖြစ်ပါတယ်။

ဖလော်ရီဒါ ပြည်နယ် Fort Lauderdale လေဆိပ်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့ လာရောက်ခဲ့တာ ဖြစ်ပြီး အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မရှိသေးတဲ့ အကြောင်းလည်း မနေ့ စနေနေ့က သတင်းစာ ရှင်းလင်းပွဲမှာ အာဏာပိုင်တို့က ပြောပါတယ်။ သောကြာနေ့က တိုက်ခိုက်ခံရမှုကြောင့် ပိတ်ထားခဲ့ရတဲ့ Fort Lauderdale လေဆိပ်ကတော့ မနေ့ စနေနေ့က တဖြည်းဖြည်းချင်း ပြန်လည် လည်ပတ်နေပြီ ဖြစ်ပါတယ်။ တိုက်ခိုက်သူ အဖြစ် စွပ်စွဲခံထားရတဲ့ Santiago နဲ့ ညီအကို တော်စပ်သူ Bryan Santiago ကတော့ အစိုးရကို အပြစ်ဖို့ပါတယ်။

Santiago က စိတ်ကျန်းမာရေး အတွက် အစိုးရထံကို အကူအညီတောင်းခံခဲ့ပေမယ့် မဖြစ်စလောက် အကူအညီဘဲ ရခဲ့တယ်လို့ ညီအကို တော်စပ်သူ Bryan က ပြောပါတယ်။

Your browser doesn’t support HTML5

ဖလော်ရီဒါလေဆိပ်ပစ်ခတ်မှု သံသယရှိသူကို စွဲချက်တင်