သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖလော်ရီဒါလေဆိပ် ပစ်ခတ်မှု ငါးဦးသေဆုံး


အမေရိကန်ပြည်ထောင်စု Florida ပြည်နယ်က Fort Lauderdale-Hollywood နိုင်ငံတကာလေဆိပ်ပစ်ခတ်မှု။ (ဇန်နဝါရီ ၆၊ ၂၀၁၇)

အမေရိကန်ပြည်ထောင်စု Florida ပြည်နယ်က Fort Lauderdale-Hollywood နိုင်ငံတကာလေဆိပ်မှာ သောကြာနေ့ နေ့လည်ပိုင်းက ပစ်ခတ်မှုဖြစ်ခဲ့လို့ ၅ ယောက်သေဆုံးပြီး ၈ ယောက်ဒဏ်ရာရတယ်လို့ တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေက ပြောပါတယ်။

နေ့လည် ၁ နာရီမထိုးခင်မှာ Terminal ၂ အောက်ထပ် ခရီးဆောင်အိတ်တွေ ယူရတဲ့နေရာဘေးမှာ သေနတ်သမားတယောက်ရဲ့ ပစ်ခတ်မှုကြောင့် ၁၃ ယောက် အနည်းဆုံးထိမှန်ခဲ့ပါတယ်။ ဒဏ်ရာရသူ ၈ ယောက်ကိုတော့ ဒီနားကဆေးရုံပို့ပြီး ကုသနေပါတယ်။ ၅ ယောက်ကတော့ သေဆုံးခဲ့တယ်လို့ Broward မြို့နယ်ရဲအရာရှိ Scott Israel ကပြောခဲ့တာဖြစ်ပါတယ်။ ပစ်ခတ်ခဲ့သူဟာ တယောက်တည်းဖြစ်ပုံရပြီး သူ့ကို ဖမ်းဆီးစစ်ဆေးနေပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး ၁ နာရီလောက်အကြာမှာ လေဆိပ်ထဲက နောက်နေရာတွေမှာ ပစ်ခတ်မှုတွေရှိတယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပေမဲ့ တာဝန်ရှိသူတွေကတော့ အဲဒီသတင်းတွေမမှန်ပါဘူးလို့ သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။ မသင်္ကာသူဆီမှာ Esteban Santiago ဆိုတဲ့နာမည်နဲ့ စစ်တပ်မှတ်ပုံတင်ကဒ်ကို တွေ့တယ်လို့ Florida ပြည်နယ်အထက်လွှတ်တော်အမတ် Bill Nelson က သတင်းထောက်တွေ ကို ပြောပါတယ်။ ဒါပေမဲ့ အဲဒီကဒ်ပြားဟာ သူ့ကိုယ်ပိုင်လား ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ဘာကြောင့်ပစ်ခတ်သလဲဆိုတာကိုလည်း စစ်ဆေးနေဆဲဖြစ်တယ်လို့ Mr. Nelson ကပြောပါတယ်။ ပစ်ခတ်သူလို့ မသင်္ကာသူဟာ Canada လေကြောင်းလိုင်းလေယာဉ်နဲ့ ပါလာတဲ့ ခရီးသည် တယောက်ဖြစ်ပြီး သေနတ်ကို စစ်ဆေးမှုခံပြီး အပ်နှံသယ်ဆောင်လာတဲ့ အိတ်ထဲမှာ သယ်ယူလာတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီသူဟာ ကျနော်ဟာ ဂျူးလူမျိုးတယောက်မဟုတ်ဘူးလို့ အကြိမ်ကြိမ်အော်ဟစ်ခဲ့တယ်လို့ မျက်မြင်တယောက်က ABC ရုပ်သံကိုပြောပါတယ်။

Star Wars ရုပ်ရှင်ရုပ်ပုံတွေပါတဲ့ T shirt ကိုဝတ်ဆင်ထားသူဟာ ၁၃ ယောက်ကို ပစ်ခတ်အပြီး ကြမ်းပေါ်မှာ ခြေကားယား လက်ကားယားလှဲနေပြီး အဖမ်းခံဖို့စောင့်နေခဲ့တယ်လို့ တချို့ကလည်းပြောကြပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှု နဲ့ပတ်သက်မှုရှိမရှိဆိုတာ တပ်အပ်မပြောနိုင်သေးဘူးလို့ ရဲကပြောပါတယ်။

ဖလော်ရီဒါလေဆိပ် ပစ်ခတ်မှု ငါးဦးသေဆုံး
please wait

No media source currently available

0:00 0:01:54 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG