ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ထိုင်းငါးဖမ်းသမား ၄ ယောက်ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တဲ့အကြောင်းနဲ့ မကြာခင် ပြန်ရောက်မယ်လို့ မျှော်လင့်တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ပြောဆိုပါတယ်။ လွတ်မြောက်လာသူတွေကို ပြန်လက်ခံဖို့ နယ်စပ်ဂိတ်တွေကနေ ထိုင်းအရာရှိတွေ စောင့်ဆိုင်းနေတဲ့အကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Nikorndej Balankura က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
မြန်မာနိုင်ငံတောင်ပိုင်း ရနောင်း အနီး မြန်မာ ရေပိုင်နက်ထဲ ရေပိုင်နက် ၇ ကီလိုမီတာနဲ့ ၁၀ ကီလိုမီတာကြား ဝင်ရောက်မိတဲ့ ထိုင်း ငါးဖမ်းလှေ ၁၅ စီးထဲက ၂ စီးကို ပြီးခဲ့တဲ့ သတင်းပတ်ကုန်က မြန်မာစစ်တပ်က ပစ်ခတ်ခဲ့တယ်လို့ ထိုင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ပစ်ခတ်မှုကြောင့် ရေလုပ်သား တဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့သလို အခု လွှတ်မြောက်လာတဲ့ ထိုင်းနိုင်ငံသား ၄ ယောက်အပါအဝင် မြန်မာနိုင်ငံသား ရေလုပ်သားတွေ အပါ စုစုပေါင်း ၃၁ ယောက်ကို မြန်မာစစ်တပ်က ဖမ်းဆီးခဲ့တာပါ။
ဒီပစ်ခတ်ဖမ်းဆီးမှုဟာ အင်အားအလွန်အကျွံသုံးတဲ့ လုပ်ရပ်လို့ ထိုင်းစစ်တပ်က ဝေဖန်ပြောဆိုပါတယ်။ ကျန်တဲ့ မြန်မာနိုင်ငံသား ရေလုပ်သား ၂၇ ယောက်ရဲ့ အခြေအနေ အတိအကျကိုတော့ မသိရသေးပါဘူး။ စစ်ကောင်စီကတော့ ထိုင်းငါးဖမ်းစက်လှေပေါ်က ဖမ်းမိသူထားသူတွေမှာ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွယ်မှုတွေ့ရတဲ့အတွက် စုံစမ်းစစ်ဆေးနေဆဲပဲလို့ သတင်းထုတ်ပြန်ပါတယ်။
Your browser doesn’t support HTML5