ရွေးကောက်ပွဲမှာ လက်ယာအုပ်စုတွေကို ထိန်းနိုင်ဖို့ ပြင်သစ်သမ္မတကြိုးပမ်း

သမ္မတ Emmanuel Macron နဲ့ ဇနီးကို ပြင်သစ်နိုင်ငံမြောက်ပိုင်းကမ်းခြေမြို့တခုမှာတွေ့ရစဉ် (ဇွန် ၂၉၊ ၂၀၂၄)

ပြင်သစ်နိုင်ငံမှာ လက်ရှိကျင်းပနေတဲ့ ရွေးကောက်ပွဲတွေမှာ လက်ယာစွန်းပါတီ အာဏာရသွားတဲ့အခြေမဆိုက်အောင် အာဏာရ သမ္မတ Emmanuel Macron ရဲ့ အလယ်အလတ်ဝါဒီ နဲ့ လက်ဝဲယိမ်းပါတီတို့ ပူးပေါင်း ကြိုးပမ်းနေကြချိန်မှာဘဲ ဒီကနေ့ဟာ လွှတ်တော် ဒုတိယအဆင့် ရွေးကောက်ပွဲတွေအတွက် ကိုယ်စားလှယ်လောင်းတွေ နောက်ဆုံး အမည်စာရင်း တင်သွင်းရမယ့်နေ့ ဖြစ်ပါတယ်။​

ပြီးခဲ့တဲ့လအတွင်း ကျင်းပခဲ့တဲ့ ဥရောပ ပါလီမန်ရွေးကောက်ပွဲတွေမှာ သူ့ပါတီ ခွက်ခွက်လန် ရှုံးနိမ့်ခဲ့ပြီးနောက် သမ္မတ Macron က ရွေးကောက်ပွဲ​ စောကျင်းပဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဇွန်လ ၃၀ ရက်၊ တနင်္ဂနွေနေ့က ပြင်သစ်မှာ ပထမအကျော့ လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပခဲ့တာပါ။

ဒါပေမယ့် သူမျှော်လင့်ထားသလို ဖြစ်မလာဘဲ အတိုက်အခံ လက်ယာစွန်းရောက် National Rally (NR) ပါတီက တနင်္ဂနွေနေ့က ကျင်းပတဲ့ ပထမအကျော့ ရွေးကောက်ပွဲမှာ အသာစီး ရနေပါတယ်။​

သမ္မတ Macron ရဲ့ အလယ်အလတ်ဝါဒပါတီကတော့ လက်ဝဲယိမ်းပါတီရဲ့နောက်ကလိုက်ပြီး တတိယနေရာမှာသာ ရှိနေပါတယ်။​

ဒုတိယကမ္ဘာစစ်နောက်ပိုင်း လက်ယာစွန်းယိမ်းပါတီအနေနဲ့ ထောက်ခံမှု အခုလောက်အထိရတာ ဒါ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း သမ္မတ Macron တို့အုပ်စုက လက်ယာစွန်းပါတီ အာဏာရမှာကို ဟန့်တားဖို့ ကြိုးစားတဲ့အနေနဲ့ လက်ဝဲစွန်း France Unbowed ပါတီအပါအဝင် New Popular Alliance လို့ခေါ်တဲ့ ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့လိုက်ပါတယ်။

ဒီလို ညွန့်ပေါင်း ဖွဲ့လိုက်ခြင်းအားဖြင့် လက်ယာစွန်းရောက် ပါတီအနေနဲ့ လွှတ်တော်အတွင်း Absolute majority လို့ခေါ်တဲ့ အမတ်နေရာ ၂၈၉ နေရာ အနိုင်ရဖို့ ဟန့်တားနိုင်မယ်လို့ မျော်လင့်နေကြပါတယ်။

Your browser doesn’t support HTML5

ရွေးကောက်ပွဲမှာ လက်ယာအုပ်စုတွေကို ထိန်းနိုင်ဖို့ ပြင်သစ်သမ္မတကြိုးပမ်း