ရန်ကုန်နဲ့ နယ်မြို့တွေမှာ ဓာတ်ဆီဈေးတက်

ရန်ကုန်စက်သုံးဆီအရောင်းဆိုင် (အောက်တိုဘာ၊ ၂၀၂၃)

တပတ်အတွင်း တဖြည်းဖြည်းတက်လာတဲ့ စက်သုံးဆီ အောက်တိန်း (95)ရဲ့ ဆိုင်စျေးနှုန်းဟာ အခုသောကြာနေ့မှာ တလီတာကို ၂,၉၀၀ ဖြစ်လာကြောင်း ရန်ကုန်နဲ့ မန္တလေးက ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းတချို့က ပြောပါတယ်။ စျေးတက်ပေမဲ့ ရန်ကုန်မှာ အောက်တိန်းဆီကို လိုသလောက် ဝယ်လို့မရဘဲ အချိန်ကြာကြာ တန်းစီနေရပြီး၊ နယ်တွေမှာတော့ ပြင်ပဆိုင်တွေမှာ တလီတာကို ၄,၀၀၀ လောက်အထိရောင်းချနေတာပါ။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

မတ်လ ၁၅ ရက်နေ့က စပြီး တရက်ကို ကျပ် ၅၀ လောက် တက်လာတဲ့ ဓာတ်ဆီစျေးနှုန်းဟာ မတ်လ ၂၂ရက်မှာ တလီတာကို ကျပ် ၃,၀၀၀ နီးပါး ရောက်လာပါတယ်။ ဆီပြတ်လပ်တာမျိုးမဟုတ်ဘဲ လုပ်ငန်းရှင်တွေက အရင်လိုပဲ စျေးကစားတယ်လို့ ယူဆကြောင်း အငှားယာဉ်တက္ကစီ လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

" သီလဝါဘက်က ဆီကတော့ ရှိတာပေါ့၊ သူတို့က ချမှမချပေးတာ။ သူတို့က ဆီစျေးအတက်အကျနဲ့ ချိန်နေတော့ ဆီစျေးက ၆၅ကျပ်လောက် ထပ်တက်သွားတော့ သူတို့က ချိန်ရောင်းကြတာလေ။ အဲဒါကြောင့် ဆိုင်တွေက လက်ကျန်ဆီကို ဆီစျေးအတက်နဲ့မိအောင် စောင့်နေတာပေါ့။ ရန်ကုန်မှာ တန်းစီ၊ နေပူပြီးတော့ ပြီးရင် ၃သောင်းဖိုးရတယ်၊ ၂သောင်းဖိုးရတယ် အဲလိုလုပ်တာ။"

ရန်ကုန်မှာ ဆီလိုက်ဝယ်လို့မရတာ ၂ရက်လောက်ရှိပြီလို့ တချို့ကပြောပါတယ်။ အရေးပေါ်အသုံးလိုတဲ့ လူနာတင်ယာဉ်တွေ၊ လုပ်ငန်းအတွက် အသုံးလိုတဲ့သူတွေလည်း ဒီရက်ပိုင်းထဲမှာ ဒုက္ခရောက်ရကြောင်း ရန်ကုန်က လူမှုကူညီရေးအဖွဲ့တခုက ဗွီအိုအေကို ပြောပါတယ်။

"တမြို့လုံးနီးနီးပဲ (ဆီလိုသလောက်မရတာ)၊ ကျနော်တို့က ဒီမှာ Ambulance တွေတောင်မှ ဆီထည့်ရတာ တိုင်ပတ်နေတာ။ မနေ့ကဆို ဘောက်စာ ကျနော်တို့အသင်းက ယာဉ်ဘောက်စာကြီး ဆီထည့်တာတောင်မှ ငါးသောင်းဖိုးပဲ ထည့်လို့ရတယ်။ ဆယ်ဘီးကားကြီး ငါးသောင်းဖိုးပဲ ထည့်လို့ရတယ်ဆိုတော့ ဘယ်လိုမှ လုပ်လို့မရတော့ဘူး။ ကိုယ်က မီးရေး ထင်းရေး ကူညီတဲ့ကားတွေဆိုတော့လေ။"

ရခိုင်၊ စစ်ကိုင်း၊ ကချင် စတဲ့ဒေသတွေမှာလည်း ဆီဝယ်ယူဖို့ ခက်ခဲနေတာပါ။ နယ်ဘက်တွေမှာတော့ ပြင်ပဆိုင်တွေမှာပဲ ဆီကိုဝယ်ထည့်နေရပြီး တလီတာကို ကျပ် ၄ထောင်လောက် ဖြစ်နေကြောင်း ပုသိမ်မြို့က အငှားယာဉ်မောင်းသူတဦးက ပြောပါတယ်။

" ဒီမှာက ပန့်ဆိုင်တွေက ဆီပြတ်နေတယ်၊ လေးရက်တခါ ငါးရက်တခါပဲရတယ်။ ဆိုင်ကြီးတွေက မနေ့က (တလီတာကို) ၃ထောင်နီးပါးပဲ။ အပြင်မှာရောင်းတာကတော့ ၄ ထောင်ပေါ့။ ပြောချင်တာကတော့ ပုံမှန်ရချင်တာပေါ့၊ ဘာလို့လဲဆို ကျနော်တို့အပြင်မှာဝယ်တာ စျေးလည်းကြီးတယ်ဗျ။"

စက်သုံးဆီကြီးကြပ်ရေး ကော်မတီကတော့ ဒီနေ့ ရန်ကုန်ဓာတ်ဆီစျေးနှုန်းကို တလီတာ ၂၉၀၀ ကျပ်သတ်မှတ်ထားပြီး ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရဲ့ စျေးနှုန်းကိုတော့ ကျပ် ၃,၂၅၀ အမြင့်ဆုံး သတ်မှတ်ထားပါတယ်။

ပြည်တွင်းမှာ ရွှေစျေးနဲ့ အမေရိကန်ဒေါ်လာစျေးလည်း တရိပ်ရိပ် တက်လာပါတယ်။ ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်းမှာ အကယ်ဒမီ အခေါက်ရွှေတကျပ်သားကို ၃,၇၉၄,၃၀၀ ကျပ်လို့ ဒီနေ့ သတ်မှတ်ထားပေမဲ့ ပြင်ပမှာတော့ ရွှေတကျပ်သားကို ကျပ်၄၃သိန်းဝန်းကျင် ရှိနေပါတယ်။ အမေရိကန်ဒေါ်လာကတော့ တဒေါ်လာကို ကျပ် ၃,၇၀၀ ဝန်းကျင်မှာ အရောင်းအဝယ် လုပ်နေကြတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

 ရန်ကုန်နဲ့ နယ်မြို့တွေမှာ ဓာတ်ဆီဈေးတက်