သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်သုံးဆီအဝယ်ရခက်တဲ့ ပြဿနာ ကြုံတွေ့နေရဆဲ


ရန်ကုန်မြို့ ဓါတ်ဆီဆိုင်တဆိုင်မှာတွေ့ရတဲ့ ဆိုင်ဝန်ထမ်းတဦး (ဒီဇင်ဘာ ၆၊ ၂၀၂၃)
ရန်ကုန်မြို့ ဓါတ်ဆီဆိုင်တဆိုင်မှာတွေ့ရတဲ့ ဆိုင်ဝန်ထမ်းတဦး (ဒီဇင်ဘာ ၆၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ စက်သုံးဆီ ဝယ်ရခက်တဲ့ ပြဿနာကြုံနေတာ ရက်ရှည်ဖြစ်လာသလို ဒီသီတင်းပတ်အတွင်း စက်သုံးဆီ အရောင်းဆိုင်တွေ့ရှေ့မှာ ဆီရဖို့ တန်းစီနေကြတဲ့ ကားတန်းရှည်ကြီးတွေကို တွေ့လာရပါတယ်။ အခုလို စက်သုံးဆီ ဝယ်ရခက်တဲ့ ပြဿနာရဲ့ နောက်ဆက်တွဲ မှောင်ခိုဆီ ဝယ်ရောင်းဈေးကွက်လည်း ပြန်လည်ပေါ်ပေါက်လာတယ်လို့ မြို့ခံတွေကပြောပါတယ်။ စက်သုံးဆီ ဝယ်ရခက်ခဲလာတာနဲ့ နောက်ဆက်တွဲ အခြေအနေတွေကို ရန်ကုန်က စုစည်းတင်ပြလာတာကို ကိုခင်မောင်စိုးမင်းက ပြောပြမှာပါ။

စက်သုံးဆီတွေ ပြည်တွင်းမှာ အလုံအလောက်ရှိနေကြောင်းနဲ့ ပုံမှန်ခွဲတမ်းအတိုင်းထက် ပြီးထုတ်ပေးလျက်ရှိတယ်လို့ စစ်ကောင်စီရဲ့ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက သတင်းထုတ်ပြန်နေပေမယ့် စက်သုံးဆီ ဝယ်ရခက်တဲ့ ပြဿနာကြုံရတာက ရက်ကြာလာပြီ ဖြစ်ပါတယ်။ ဝယ်ယူရာမှာလည်း အကန့်အသတ်နဲ့သာ ဝယ်နေရပြီး လိုသလောက်ရတဲ့ နေရာကတော့ အနည်းငယ်ပဲ ရှိတယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။

"မက်စ်ဆီဆိုင်မှာတော့ လိုသလောက်ရတယ်။ ညက ၁၀နာရီလောက်ကားထားခဲ့ရတယ်။ မနက် ၆နာရီမှ ရတယ်။ တခြားဆိုင်တွေမှာတော့ ၃သောင်းဖိုးဘဲရတယ်ပြောတယ်။ ည ၆နာရီလောက်က တန်းစီတာ ည ၉နာရီခွဲတော့ကျနော့ရှေ့ ၁၀စီးလောက်ရှိတယ်လေ။ ဆိုင်ကပိတ်တော့ အဲမှာဘဲကားထားခဲ့ရတယ်။ ကျွန်းတောလမ်းမပေါ်မှာ မနက် ၆နာရီမှတခါထပ်ပေးတယ်။ ကြာတယ် ဆီဘောက်ဆာမလာဘူးဆိုတော့ ဒီတိုင်းကားရပ်ထားရတာ။ ဆီဘောက်ဆာလာမှပြန်ပေး အရင်လိုဘဲ ဘာမှမထူး၊ ဆီမရလို့ မပေးဘူး။ တက္ကဆီသမားတွေတော်တော်ဒုက္ခရောက်တယ်။ တညလုံးထိုင်တိုးရတာ။"

စက်သုံးဆီရဖို့ အချိန်အတော်ကြာ တန်းစီကြ ရသလို ညအိပ်တန်းစီ ကာ စောင့်ဆိုင်းနေကြရတာ လည်း ဖြစ်ပါတယ်။ မီးကလည်း ပုံမှန်မရတဲ့ အတွက် အသေးစား အလတ်စားလုပ်ငန်းတွေအပြင် လုပ်ငန်းကြီးတွေမှာပါ အဆင်မပြေမှုတွေ ကြုံနေကြရပြီး မီးစက်နဲ့ ပဲ လုပ်ငန်းလည်ပတ်နေ ကြရတာပါ။ ဒီလိုလုပ်ငန်းတွေ အတွက်လည်း ဆီဝယ်ဖို့ဆိုရင် မီးစက်ကို သယ်လာ ခိုင်းပြီး ရောင်းချတာကြောင့် အတော်လေး အခက်ကြုံနေရတယ်လို့ လှည်းတန်း မြို့ခံတဦးက ဗွီအိုအေကိုပြောပါတယ်။

"လုပ်ငန်းသုံးမီးစက်တွေအတွက်ဘယ်လိုဝယ်ရလဲကျနော်မသိဘူး။ ကျနော်မိတ္တူဆိုင်အတွက်က မီးကလည်းမမှန်ဘူးလေ။ မီးစက်သုံးရတော့မီးစက်အတွက်က ဆီဝယ်ဖို့က ပုံမှန်အတိုင်းဝယ်မရဘူး။ ဆီဗုံးနဲ့တချို့ဆိုင်ရောင်းတာရှိတယ်။ ကျနော်တို့ဘက်ကမရဘူး။ဆိုက်ကားပေါ်မီးစက်တင်တနေကုန် တန်းဆီရတာ။ ဆီကပြတ်ရင်ကားတွေနဲ့အတူတူတန်းဆီစောင့်ရတာ။ ဒီနိုင်ငံနေရတာစိတ်ဓါတ်ကျတာ တင်မဟုတ်ဘူးသတ်ပါသတ်သေချင်တာ။ အလုပ်လုပ်ရတာအဆင်မပြေဘူး"

စစ်ကောင်စီရဲ့ စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးသန်းဇော်က စက်သုံးဆီပြဿနာနဲ့ပတ်သက်လို့ ရှင်းလင်းပြောကြားနေစဉ် (ဒီဇင်ဘာ ၉၊ ၂၀၂၃)
စစ်ကောင်စီရဲ့ စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးသန်းဇော်က စက်သုံးဆီပြဿနာနဲ့ပတ်သက်လို့ ရှင်းလင်းပြောကြားနေစဉ် (ဒီဇင်ဘာ ၉၊ ၂၀၂၃)

စစ်ကောင်စီရဲ့ စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ အတွင်းရေး မှူး ဦးသန်းဇော်ကတော့ အခုလိုဖြစ်နေတာဟာ အဆမတန် ဝယ်ယူသူတွေကြောင့် ဖြစ်နေရတာဖြစ်တယ် လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့က စစ်ကောင်စီရဲ့ မြဝတီရုပ်သံကနေ ပြောကြားခဲ့တာပါ။

"မကြာခင် စက်သုံးဆီပြတ်မယ်ဈေးတက်မယ်ဆိုတဲ့ တဆင့်စကားတဆင့်နားနဲ့ကြားရတဲ့ ကောလဟာလ သတင်းတွေနဲ့ လတ်တလောလူမှုကွန်ယက်မှာဖော်ပြနေတဲ့မဟုတ်မမှန်သတင်းတွေ ကြောင့် ပြည်သူတွေ စိုးရိမ်ပြီးအဓိကအားဖြင့် ပုံမှန်သုံးတဲ့ပမာဏထပ်ဝယ်ယူနေတာတွေကြောင့် အခုလိုဖြစ်နေတာလို့ ပြောချင်တယ်။ သုံးတဲ့သူတချို့ကလည်းကိုယ်ချင်းစာစိတ်မရှိဘဲနဲ့ အခေါက်ခေါက် ခါခါထုတ်တဆင့်ပြန်ရောင်း နေတယ်လို့လည်းကြားသိရတယ်။"

စစ်ကောင်စီရဲ့ စက်သုံးဆီ ဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးသန်းဇော် ပြောဆိုခဲ့တဲ့အတိုင်း စက်သုံးဆီ ဝယ်ရခက်တဲ့ ပြဿနာနောက်ဆက်တွဲ မှောင်ခိုဆီဝယ် ရောင်းဈေး ကွက်ပေါ်လာတယ်လို့ ရွှေပြည်သာမြို့ခံ တဦးကပြောပါတယ်။ မှောင်ခိုဈေးကွက်အရ တလီတာကို ပေါက်ဈေးထပ် ၂ဆပိုပေးပြီး ဝယ်ယူနေရတယ်လို့ ပြောပါတယ်။

"မှောင်ခိုဝယ်တဲ့ဟာပေါ့ သွားဝယ်ရင်ဈေးကြီးတယ် တလီတာ ၆၀၀၀ မနေ့ကဆိုရင် ၅၀၀၀ ဒီနေ့ ၆၀၀၀ တချို့ကျတော့ လက်ကျန်ရှိတာဈေးတက်တယ်အဲလိုသွားတန်းဆီပြန်ရောင်းတာတယ်။ သွားတန်းဆီမရရင် မှောင်ခိုဈေးနဲ့မိတာဘဲ ၅၅၀၀ ၆၀၀၀ဘဲ။ အဲလိုဈေးကွက်ဖြစ်နေတာ။ ဆိုင်ကယ်သမားတွေဆိုရင် ၈နာရီလောက်ကတန်းဆီတာ ည ၁နာရီမှရတယ်။ ရတော့ ဖမ်းရင်လည်းဖမ်း ပြန်လာရတယ်။ ကြောက်ကြောက်နဲ့ပြန်လာကြရတာပေါ့"

ဒီမှောင်ခိုဈေးဟာ ရန်ကုန်မြို့တွင်း ဈေးဖြစ်ပြီး နယ်မြို့တွေမှာ ပိုများတယ်လို့ လည်း ဒေသခံတွေက ပြောပါ တယ်။ ဒီလို မှောင်ခိုရောင်းဝယ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ကြပ်မတ်ကိုင်တွယ်တာတော့ မရှိသေးပါဘူး။

စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဆီပြတ်လပ်မှုနဲ့ လောင်စာဆီဝယ်ရ ခက်တဲ့ပြဿနာက မကြာခဏ ကြုံနေကြရတာ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် ပြည်ပကနေ အဓိကတင်သွင်းတဲ့ စက်သုံးဆီနဲ့ စားသုံးဆီနှစ်မျိုး အတွက် လိုအပ်တဲ့ ဒေါ်လာငွေရဲ့ ထက်ဝက်ကို ဦးစားပေး အနေနဲ့ ရောင်းပေးပြီး ပြဿနာကို ဖြေရှင်းဖို့ လုပ်ခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် စက်သုံးဆီအတွက် လျှော့ဈေးနဲ့ ဒေါ်လာ ရောင်းပေးတာတွေ၊ ဒေါ်လာရည်ညွှန်းဈေး သတ်မှတ်တာတွေကို ရပ်ဆိုင်းကြောင်း ကြေငြာခဲ့တာဖြစ်ပြီး အခု နောက်ပိုင်းမှာတေ့ အခုလို လောင်စာဆီ ပြတ်လပ်မှုနဲ့ဝယ်ရခက်တဲ့ ပြဿနာတွေကို ဆက်ပြီး ကြုံနေကြရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG