သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပို့ကုန်ရရှိငွေ ၅၀% အစား ၃၅% ကို ကျပ်ငွေနဲ့လဲလှယ်ဖို့ ဗဟိုဘဏ် ပြင်ဆင်သတ်မှတ်


ယခင်မှတ်တမ်းရုပ်ပုံ | ဧရာဘဏ် နိုင်ငံခြားငွေလဲလှယ်ရေးစင်တာတခုမှာတွေ့ရတဲ့ အမေရိကန်ဒေါ်လာငွေစက္ကူများ (ဇူလိုင် ၁၇၊ ၂၀၁၅)
ယခင်မှတ်တမ်းရုပ်ပုံ | ဧရာဘဏ် နိုင်ငံခြားငွေလဲလှယ်ရေးစင်တာတခုမှာတွေ့ရတဲ့ အမေရိကန်ဒေါ်လာငွေစက္ကူများ (ဇူလိုင် ၁၇၊ ၂၀၁၅)

မြန်မာနိုင်ငံက ပို့ကုန် တင်ပို့သူတွေအနေနဲ့ ပို့ကုန်တင်ပို့မှုကရရှိတဲ့ ငွေပမာဏ ၅၀ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေနဲ့ လဲလှယ် ဆောင်ရွက်ရမယ်လို့ အရင် သတ်မှတ်ထားခဲ့ရာက ၃၅ ရာခိုင်နှုန်းနဲ့ ပြင်ဆင် သတ်မှတ်လိုက်ကြောင်း ဗဟိုဘဏ်က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ အလားတူဘဲ အမေရိကန်တဒေါ်လာရဲ့ ရည်ညွှန်းတန်ဖိုးကို ကျပ် ၂၁၀၀ မှာပဲ မြန်မာနိုင်ငံဗဟိုဘဏ်က သတ်မှတ်ထားဆဲ ဖြစ်ပေမယ့် ငွေလဲခွင့်လိုင်စင်ရ ဘဏ်တွေကိုတော့ စျေးကွက် ပေါက်စျေးအတိုင်း အရောင်းအဝယ်လုပ်ခွင့် ပေးလိုက်ကြောင်း မနေ့က ဒီဇင်ဘာလ ၅ရက်ညပိုင်းမှာ ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြမှာပါ။

ပို့ကုန်တင်ပို့သူတွေအနေနဲ့ ပို့ကုန်တင်ပို့မှုကရရှိတဲ့ ငွေပမာဏ ၅၀ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေနဲ့ လဲလှယ် ဆောင်ရွက်ရမယ်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ်က အခုနှစ် ဇူလိုင်လမှာ ကြေညာထားခဲ့တာကို ဒီကနေ့ ဒီဇင်ဘာ ၆ ရက်နေ့ ရက်စွဲနဲ့ ပြင်ဆင် သတ်မှတ်လိုက်တာပါ။

ဒီကနေ့ ထုတ်ပြန်ချက်နဲ့ဆိုင်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မကြာခင်မှာ ထုတ်ပြန်ဖို့ရှိတယ်လို့ ဗဟိုဘဏ်ရဲ့ အမြဲတမ်းအတွင်းဝန် ဦးအောင်အောင်က ဗွီအိုအေကို ပြောပါတယ်။

" ဒီညလောက်မှာ (သတင်းမှာ) ရှင်းပါလိမ့်မယ်နော်။ အဲဒါလေး ခဏစောင့်လိုက်ပါ။ ကျနော်တော့ ဘာမှ မပြောနိုင်သေးဘူးဗျ အခုအချိန်မှာ နော်။"

ဗဟိုဘဏ်ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်ကြောင့် ပို့ကုန်လုပ်ငန်းရှင်တွေအတွက် အနည်းငယ် သက်သာရာရစေမှာဖြစ်ပေမယ့် ပြင်ပပေါက်ဈေးအတိုင်း ရာနှုန်းပြည့်မဟုတ်ဘဲ ပို့ကုန်ရငွေ ပမာဏရဲ့ သတ်မှတ် ရာခိုင်းနှုန်းအချိုးအစားအတိုင်း မြန်မာကျပ်ငွေနဲ့လဲလှယ် ဆောင်ရွက်ရတာဟာ သူတို့ရဲ့ ဝင်ငွေ ထိခိုက်မှုရှိကြောင်း ကုန်သည်အသိုင်းအဝိုင်းက ပြောဆိုနေကြတာပါ။

ရန်ကုန်မြို့ ဓါတ်ဆီဆိုင်တဆိုင်မှာ ဆီဖြည့်ဖို့ စောင့်ဆိုင်းနေတဲ့ မော်တော်ဆိုင်ကယ်ယာဉ်မောင်းများကိုတွေ့ရစဉ် (ဒီဇင်ဘာ ၆၊ ၂၀၂၃)
ရန်ကုန်မြို့ ဓါတ်ဆီဆိုင်တဆိုင်မှာ ဆီဖြည့်ဖို့ စောင့်ဆိုင်းနေတဲ့ မော်တော်ဆိုင်ကယ်ယာဉ်မောင်းများကိုတွေ့ရစဉ် (ဒီဇင်ဘာ ၆၊ ၂၀၂၃)

မနေ့ ဒီဇင်ဘာ ၅ ရက်နေ့ကတော့ ငွေလဲခွင့်လိုင်စင်ရ ဘဏ်တွေကိုတော့ စျေးကွက် ပေါက်စျေးအတိုင်း အရောင်းအဝယ်လုပ်ခွင့် ပေးလိုက်ကြောင်း ဗဟိုဘဏ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ကြောင့် အမေရိကန်ဒေါ်လာ ပြင်ပပေါက်စျေး ထပ်တက်လာပေမဲ့ စျေးကွက်ထဲမှာ အရောင်းမရှိကြောင်း ငွေလဲလုပ်ငန်းတချို့က ပြောပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ နှစ်ရက်က ၃,၃၅၀ ကျပ် ရှိခဲ့တဲ့ အမေရိကန် တဒေါ်လာရဲ့ တန်ဖိုးဟာ လှုတ်ခတ်သွားပြီး ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ကျပ် ၃,၅၀၀ ကျော်လာပါတယ်။ ဒါပေမဲ့ ဒါက စျေးကွက် ပေါက်စျေးသာဖြစ်ပြီး အရောင်းမရှိကြောင်း ရန်ကုန်က ငွေလဲလုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"စျေးကွက်ကတော့ အဲထုတ်ပြန်ချက် ထွက်ပြီးတော့ တက်တယ်ဗျ၊ တက်တယ်ဆိုတာထက် စျေးကွက်ပျက်နေတယ် ဆိုတဲ့ သဘောပါနော်။ အဝယ်ပဲလိုက်နေတယ်၊ အရောင်းသိပ်မရှိဘူး။ ပေါက်စျေးက အဲလောက်မရှိဘူးဗျ ၃,၄၇၀ နဲ့ ၃,၅၀၀ ပေါ့။ ဒါပေမဲ့ ကြေညာချက်ထွက်တယ် ဆိုတဲ့အပေါ်မှာ ရိုက်ခတ်ပြီးတော့ နည်းနည်းလေး စျေးရချင်တော့ တင်တင်ပြောကြတာပေါ့ အဲလိုမျိုးရှိပါတယ်။"

အမေရိကန်ဒေါ်လာနဲ့အတူ ဘတ်ငွေစျေးလည်း အနည်းငယ် ထပ်တက်လာကြောင်း ထိုင်း-မြန်မာ နယ်စပ်က ငွေလဲလုပ်ငန်းတချို့က ဗွီအိုအေကို ပြောပါတယ်။ ထိုင်းငွေ တဘတ်ကို မြန်မာငွေ ၁၀၀ ကျော်နေပြီး ဒီနေ့ဆိုရင် ဝယ်ဖို့ခက်ခဲကြောင်းလည်း ပြောပါတယ်။ ကျောင်းလခအတွက် ဩစတြေးလျ ဒေါ်လာလည်း အဝယ်လိုက်ပြီး စျေးတက်ကြောင်းလည်း ပြောပါတယ်။

နိုင်ငံတွင်းမှာ နိုင်ငံခြားငွေ ရှားပါလာလို့ သွင်းကုန်လုပ်ငန်းတွေ၊ စက်သုံးဆီကုမ္ပဏီတွေအတွက် အခက်အခဲဖြစ်လာကြောင်း၊ ဒါကြောင့် ဗဟိုဘဏ်က အခုလို အပြောင်းအလဲကို လုပ်တာဖြစ်နိုင်ကြောင်း သုံးသပ်ထားတဲ့ သတင်းတွေလည်း ရှိပါတယ်။ စက်သုံးဆီဆိုင် လုပ်ငန်းရှင် တဦးကတော့ စက်သုံးဆီပြတ်လပ်တဲ့ ကိစ္စဟာ နိုင်ငံခြားငွေရှားတဲ့ကိစ္စကြောင့်မဟုတ်ဘဲ စျေးကွက်ထိန်းချုပ်မှုတခုသာ ဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

နောက်ထပ် ဖြစ်နိုင်ခြေတခုကတော့ သီလဝါမှာ ဆီဘောက်ဇာကားတွေကို လိုသလောက် မရောင်းပေးတဲ့ ကိစ္စဟာ လက်ရှိ နိုင်ငံရေး အခြေအနေနဲ့လည်း ဆက်စပ်နိုင်ကြောင်း လက်လီစက်သုံးဆီ ဆိုင်ရှင်တွေက ပြောနေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG