G-7 ထိပ်သီးအစည်းအဝေး အီတလီမှာ စတင်

အီတလီနိုင်ငံ Borgo Egnazia မြို့မှကျင်းပတဲ့ ကမ္ဘာ့အချမ်းသာဆုံး ၇ နိုင်ငံရဲ့ G-7 ထိပ်သီးအစည်းအဝေးကို တက်ရောက်လာတဲ့ခေါင်းဆောင်များ (ဇွန် ၁၃၊ ၂၀၂၄)

ကမ္ဘာ့အချမ်းသာဆုံး ၇ နိုင်ငံရဲ့ G-7 ထိပ်သီးအစည်းအဝေးကို အီတလီနိုင်ငံ Borgo Egnazia မြို့မှာ ဒီနေ့စတင်ပါတယ်။ အမေရိကန်သမ္မတ Joe Biden အပါအဝင် G7 ခေါင်းဆောင်တွေရဲ့ စားပွဲဝိုင်းထိုင် ဆွေးနွေးပွဲမတိုင်ခင် အီတလီဝန်ကြီးချုပ် Giorgia Meloni က "ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်နေတဲ့ စစ်ပွဲကိစ္စတွေက ဆွေးနွေးပွဲမှာ ဦးစားပေးဆွေးနွေးသွားမှာဖြစ်တယ်"လို့ ပြောကြားသွားပါတယ်။

အာဖရိကတိုက်ကနေ ဥရောပမှာ အခြေချနိုင်ဖို့ တရားမဝင် လာရောက်နေကြသူတွေကိစ္စ၊ ကုန်ချောထုတ်လုပ်နိုင်ဖို့ ကုန်ကြမ်းတင်ပို့မှု ကွင်းဆက်မပြတ်စေအောင် လုပ်ထားဖို့လိုအပ်တဲ့ကိစ္စ၊ AI ဉာဏ်ရည်တုနည်းပညာကို ဘေးအန္တရာယ်ကင်းစွာ အသုံးချနိုင်ဖို့ ကိစ္စတွေကိုလည်း ဆွေးနွေးကြမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် Giorgia Meloni ကပြောကြားခဲ့ပါတယ်။

ဇွန်လ ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိ ကျင်းပတဲ့ ထိပ်သီးစည်းဝေးပွဲ ပထမနေ့မှာပဲ G-7 ခေါင်းဆောင်တွေဟာ ယူကရိန်းသမ္မတ Volodymyr Zelenskiy နဲ့လည်း ဆွေးနွေးကြပါတယ်။ မနက်ဖြန်ကျရင်တော့ အင်ဒို ပိစိဖတ်ဒေသဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးကြမှာဖြစ်သလို စီးပွားရေးဆိုင်ရာ အန္တရာယ်တွေအကြောင်း ဆွေးနွေးကြမှာဖြစ်ပါတယ်။ AI ဉာဏ်ရည်တုဆိုင်ရာ ဆွေးနွေးပွဲကျရင်တော့ ပုပ်ရဟန်းမင်းကြီး Francis က ဦးဆောင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်မကုန်ခင် ယူကရိန်းကို ဒေါ်လာ ၅၀ ဘီလျံငွေချေးဖို့ G7 နိုင်ငံတွေကြား သဘောတူထားတယ်လို့ ဂျာမနီဘဏ္ဍာရေးဝန်ကြီးက G-7 ထိပ်သီးစည်းဝေးပွဲ မစခင် ၁ ရက်အလို ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။ G-7 နိုင်ငံတွေမှာရှိတဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေမှာ ရုရှားနိုင်ငံက အပ်နှံထားတဲ့ ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေကနေ ရလာမယ့် အမြတ်ငွေတွေကို အာမခံသဘောထားပြီး ယူကရိန်းကို ငွေချေးမှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ယူကရိန်း ၂ နိုင်ငံကြားမှာလည်း ယူကရိန်းအတွက် ရေရှည် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ထောက်ပံ့မှုတွေကို အာမခံတဲ့ ၂ နိုင်ငံသဘောတူစာချုပ်ကို သမ္မတ Biden နဲ့ ယူကရိန်းသမ္မတ Zelenskiy တို့ လက်မှတ်ထိုးကြဖို့ရှိပါတယ်။

Your browser doesn’t support HTML5

G-7 ထိပ်သီးအစည်းအဝေး အီတလီမှာ စတင်