ပြည်ထောင်စုရှေ့နေချုပ်အဖြစ် အရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် တာဝန်ပေးဖို့ စဉ်းစားနေသူ- အမည်စာရင်းကနေ သူနှုတ်ထွက်ကြောင်း ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်ဟောင်း Matt Gaetz က လူမှုမီဒီယာ X ကနေ ကြေညာပါတယ်။
သူဟာ ဗုဒ္ဓဟူးနေ့က အထက်လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံပြီး အကြံဉာဏ်တွေ ရယူခဲ့ကြောင်းနဲ့ သူ့ကို ဒီရာထူးအတွက် အတည်ပြုချက်ပေးဖို့ လုပ်ဆောင်မှုတွေမှာ ထရမ့်နဲ့ Vence အစိုးရအဖွဲ့ကို အာဏာလွှဲပြောင်းပေးမယ့် အရေးပါတဲ့ လုပ်ငန်းစဉ်ကို အနှောက်အယှက် ဖြစ်စေနိုင်တဲ့ အနေထား ဖြစ်လာနေတာကြောင့် သူနှုတ်ထွက်တာ ဖြစ်ကြောင်း ရေးထားတာပါ။ အမေရိကန် ပြည်ထောင်စုမှာ တရားရေး ဆိုင်ရာ ကြီးလေးတဲ့ တာဝန်ထမ်းဆောင်ရမယ့် သူတယောက်အနေနဲ့ Gaetz ဟာ ကျင့်ဝတ်ပိုင်း ဆိုင်ရာ ညီညွတ်မှု ရှိမရှိ စုံစမ်းစစ်ဆေးမှု- တွေ့ရှိချက် အစီရင်ခံစာကို ထုတ်ပြန်သင့်မသင့် အောက်လွှတ်တော် ကျင့်ဝတ်ဆိုင်ရာ ကော်မတီမှာ ဗုဒ္ဓဟူးနေ့က သဘောတူညီမှု မရခဲ့ပါဘူး။
အချိန်အတော်ကြာ ပြုလုပ်ခဲ့တဲ့ အစည်းဝေးအပြီး ကျင့်ဝတ်ကော်မတီ ဥက္ကဋ္ဌ ရီပတ်ဘလစ်ကန် အောက်လွှတ်တော် အမတ် Michael Guest က အစီရင်ခံစာထုတ်ပြန်ဖို့ သဘောတူညီမှု မရခဲ့ဘူးလို့ ပြောပေမယ့် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။
အသက်မပြည့်သေးသူနဲ့ လိင်ဆက်ဆံမှု အပြင် မူးယစ်ဆေး သုံးစွဲမှုနဲ့ပါ အစွပ်စွဲ ခံနေရတဲ့ Gaetz ကို ဇန်နဝါရီ ၂၀ မှာ သမ္မတ တာဝန်ယူတော့မယ့် ထရမ့်က တရားရေးဆိုင်ရာ ကြီးလေးတဲ့ ထိပ်တန်းတာဝန်ပေးအပ်ဖို့ အမည်စာရင်းပေးခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် သတင်းဌာနတွေ ဖြစ်တဲ့ ABC နဲ့ ဝါရှင်တန် Post သတင်းတွေမှာတော့ Gaetz က အသက်မပြည့်သေးသူ အမျိုးသမီး ၂ ဦးကို ၂၀၁၇ နဲ့ ၂၀၁၉ မှာ ငွေပေးခဲ့တဲ့ အထောက်အထား တွေကို ကျင့်ဝတ်ကော်မတီက ရထားတဲ့ အကြောင်း ဖေါ်ပြထားပါတယ်။
Your browser doesn’t support HTML5