“အတိုက်အခံတွေနဲ့ညှိနှိုင်းစရာမရှိ” ဂျော်ဂျီယာဝန်ကြီးချုပ်

ဂျော်ဂျီယာနိုင်ငံဆန္ဒပြပွဲအတွင်း ဥရောပသမဂ္ဂအလံဝှေ့ယမ်းနေသူတဦး (နိုဝင်ဘာ ၃၀၊ ၂၀၂၄)

ဂျော်ဂျီယာနိုင်ငံမှာ ဥရောပသမဂ္ဂလိုလားသူတွေရဲ့ လူထုဆန္ဒပြပွဲတွေ ဖြစ်နေရာမှာ၊ အတိုက်အခံဆန္ဒပြသူတွေနဲ့ ညှိနှိုင်းဆွေးနွေးမှာမဟုတ်ဘူးလို့ ဂျော်ဂျီယာ ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။

ဂျော်ဂျီယာနိုင်ငံအနေနဲ့ အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးမယ့် အစီအစဉ်တွေကို အစိုးရက ပြန်လည်ရုပ်သိမ်းလိုက်တဲ့နောက်၊ အစိုးရရဲ့ ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့ လမ်းပေါ် ဆန္ဒပြမှုတွေ ရက်ဆက်ဖြစ်လာခဲ့တာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ လွှတ်တော်ရွေးကောက်ပွဲမှာ အာဏာရ ဂျော်ဂျီယာအိပ်မက်ပါတီက အနိုင်ရတယ်လို့ ကြေညာခဲ့တဲ့နောက် အခုလို နိုင်ငံရေးအကျပ်အတည်းတွေ ကြုံလာရတာဖြစ်ပါတယ်။

အဲဒီ ရွေးကောက်ပွဲမှာ မသမာမှုတွေရှိတယ်လို့ EU ဥရောပသမဂ္ဂလိုလားတဲ့ အတိုက်အခံတွေက ပြောပါတယ်။ အတိုက်အခံအမတ်တွေက လွှတ်တော်ကို သပိတ်မှောက်မယ့်အခြေအနေ၊ အီးယူလိုလားတဲ့ သမ္မတကလည်း ရွေးကောက်ပွဲရလဒ်ကို ဖျက်ဖို့ ကြိုးပမ်းတာတွေရှိလာချိန်မှာပဲ၊ ဝန်ကြီးချုပ်ဖြစ်သူက အီးယူအဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးမှုတွေကို ရုပ်သိမ်းတယ်ဆိုပြီး ကြေညာခဲ့တာပါ။

အဲဒီနောက် လမ်းပေါ် ဆန္ဒပြမှုတွေရှိလာပြီး ရဲတွေနဲ့ ဆန္ဒပြသူတွေအကြား တင်းမာတဲ့အဓိကရုဏ်းတွေလည်း ဖြစ်ခဲ့ပါတယ်။ ဆန္ဒပြမှု ငါးရက်မြောက် အခု တနင်္လာနေ့မှာတော့ လွှတ်တော်အပြင်ဘက်မှာ ဆန္ဒပြသူသောင်းဂဏန်းဟာ ဂျော်ဂျီယာနဲ့ အီးယူ အလံတွေကို ဝှေ့ယမ်းနေကြတယ်လို့ AFP သတင်းမှာ ရေးပါတယ်။ ဒီအချိန်မှာပဲ ဝန်ကြီးချုပ်က ဆန္ဒပြသူတွေကို တင်းမာတဲ့သဘောထားနဲ့ ဆွေးနွေးညှိုနှိုင်းစရာမရှိဘူးဆိုပြီး သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ ဒီ ဆန္ဒပြမှုတွေအတွက် ပြည်ပကနေ ထောက်ပံပေးနေတယ်လို့ စွပ်စွဲလိုက်ပြီး၊ ဂျော်ဂျီယာနိုင်ငံမှာ တော်လှန်ရေးမဖြစ်ရဘူးဆိုပြီးတော့လည်း ဝန်ကြီးချုပ် Kobakhidze က ပြောသွားပါတယ်။

Your browser doesn’t support HTML5

“အတိုက်အခံတွေနဲ့ညှိနှိုင်းစရာမရှိ” ဂျော်ဂျီယာဝန်ကြီးချုပ်