ဥရောပသမဂ္ဂ (EU) အနေနဲ့ ကိုယ့်ကိုယ်ကိုခုခံကာကွယ်နိုင်ဖို့ ကာကွယ်ရေးနဲ့စီးပွားရေးတိုးမြှင့်ဖို့ကို အချိန်ဆွဲမနေဘဲ အလျင်အမြန်လုပ်ဆောင်ဖို့လိုတယ်လို့ နောက်တကြိမ်သက်တမ်းအတွက် ထပ်မံ ရွေးချယ်ခံလိုက်ရတဲ့ EU အကြီးအကဲUrsula von der Leyen က ဒီကနေ့ ဗုဒ္ဓဟူးနေ့ ဥရောပ လွှတ်တော်မှာ သတိပေးပြောကြားလိုက်ပါတယ်။
ဥရောပနယ်စပ်မှာဖြစ်ပွားနေတဲ့ ယူကရိန်းစစ်ပွဲအပါအဝင် ဥရောပသမဂ္ဂရင်ဆိုင်နေရတဲ့ အခက်အခဲတွေအတွက်အလျင်အမြန်လုပ်ဆောင်ဖို့ သူ့နဲ့သူ့ရဲ့လုပ်ဖေါ်ကိုင်ဖက်တွေဟာ အဆင်သင့်ရှိပါတယ်လို့လည်း ပြင်သစ်နိုင်ငံ Strasbourg မှာကျင်းပနေတဲ့ ဥရောပလွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
နိုင်ငံပေါင်း ၂၇ နိုင်ငံပါဝင်တဲ့ ဥရောပသမဂ္ဂ ရဲ့လွှတ်တော်က နောက်တကြိမ်သက်တမ်းအတွက် တာဝန်ယူဖို့ထပ်မံရွေးချယ်လိုက်တဲ့ von der Leyen ကတော့ ကာကွယ်ရေးအသုံး စရိတ်အများအပြား တိုးမြှင့်ဖို့တောင်းခံလိုက်သလို ဒီကနေ့ရင်ဆိုင်နေရတဲ့ ခြိမ်းမြောက်မှုတွေကို အလေအနက်ထားပြီး အချိန်မဖြုန်းဘဲ အားကျိုးမန်တက်လုပ်ဆောင်ရမယ်လို့လည်းပြောဆိုပါတယ်။
ရုရှားရဲ့ယူကရိန်းအပေါ်ကျူးကျော်စစ်၊ အရှေ့အလယ်ပိုင်းစစ်ပွဲ၊ တရုတ်ရဲ့စီးပွားရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေအပြင်အမေရိကန်ပြည်ထောင်စုမှာ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် အရွေးချယ်ခံထားရတာတွေဟာ ဥရောပမဂ္ဂအတွက်စိန်ခေါ်မှုတွေဖြစ်နေပါတယ်။ ဥရောပသမဂ္ဂရဲ့ အချုပ်အခြာပိုင်မှု၊ လွတ်လပ်မှုတွေဟာ စီးပွားရေးခွန်အားအပေါ်မှာ မူတည်နေကြောင်းနဲ့ အဓိကအင်အားဟာ တီထွင်ကြံဆနိုင်မှု၊ ကောင်းမွန်စွာပြိုင်ဆိုင်နိုင်မှုတွေအပေါ် မူတည်နေတယ်လို့လည်း EU အကြီးအကဲကပြောဆိုခဲ့ပါတယ်။
Forum