EU ဥရောပသမဂ္ဂက ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို ယူကရိန်းအတွက် လက်နက်ဝယ်ဖို့ သုံးစွဲမယ့်သဘောတူညီချက်ကို EU မှာ မူအားဖြင့် သဘောတူလိုက်ပါပြီ။ ပထမအသုတ် ဒေါ်လာ ၁ ဘီလျံကို နွေရာသီ မကုန်ခင် ရနိုင်လိမ့်မှာဖြစ်ပြီး စစ်ရေးအတွက် အဓိက သုံးစွဲဖို့ဖြစ်တယ်လို့ EU ကုန်သွယ်ရေး ကော်မရှင်နာမင်းကြီး Valdis Dombrovskis က အသိပေးထုတ်ပြန်ပါတယ်။
ရုရှားတို့အနေနဲ့ သူတို့ကျူးလွန်တဲ့ ပစ်မှုတွေအတွက် တိုက်ရိုက်ပေးဆပ်ရမယ်လို့ သူက ပြောကြားခဲ့ပါတယ်။ ယူကရိန်းနိုင်ငံနဲ့ ဥရောပတခုလုံး ဘေးကင်းလုံခြုံဖို့ ငွေတွေကို ဒီထက်အကျိုးရှိရှိ သုံးရမယ့် နေရာ မရှိဘူးဆိုတာ ပြသလိုက်တာဖြစ်တယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က X လူမှုကွန်ရက်ပေါ်မှာ ရေးသား ကြိုဆိုခဲ့ပါတယ်။
ယူကရိန်းနိုင်ငံကို ရုရှား ကျူးကျော်စစ် စတင်တဲ့ ၂၀၂၂ ခုနှစ်နောက်ပိုင်း EU နဲ့ အမေရိကန်တို့က ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်ခဲ့တာကြောင့် ရုရှားဗဟိုဘဏ်ရဲ့ ပိုင်ဆိုင်မှုနဲ့ ငွေကြေး ဒေါ်လာ ဘီလျံပေါင်းများစွာဟာ အနောက်နိုင်ငံတွေရဲ့ ဘဏ်တွေ ကုမ္ပဏီတွေမှာ အရွှေ့အပြောင်းလုပ်ခွင့်မရှိတော့ဘဲ ထိန်းချုပ်ခံထားရပါတယ်။ ပိုင်ဆိုင်မှုတွေထဲက ၇၀% ကျော်ဖြစ်တဲ့ ဒေါ်လာ ဘီလျံ ၂၀၀ ကျော်ဟာ Belgium နိုင်ငံ Brussels မြို့တော်က Euroclear ဘဏ္ဍာရေးလုပ်ငန်းမှာ ထိန်းချုပ်ခံထားပါတယ်။
အဲဒီလို ထိန်းချုပ်ခံထားရတဲ့ ရုရှားဗဟိုဘဏ်ပိုင် ငွေကြေးတွေကို အလုံးစုံ သိမ်းယူလိုက်ဖို့ အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတွေက တိုက်တွန်းနေကြတာပါ။ အမေရိကန်ပြည်ထောင်စုမှာထားတဲ့ ရုရှားနိုင်ငံခြားအရန်ငွေတွေကို သိမ်းပိုက်ပြီး ယူကရိန်းအတွက် လက်နက်ဝယ်ယူတဲ့နေရာမှာ သုံးစွဲရေး ဥပဒေကြမ်းကို အမေရိကန်လွှတ်တော်မှာ ပြီးခဲ့တဲ့လကပဲ အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို အားလုံးကို သိမ်းပိုက်လိုက်ရေးကို EU နိုင်ငံတွေက သတိထားခဲ့ကြပါတယ်။ ဗုဒ္ဓဟူးနေ့က Brussels မှာ EU သံအမတ်ကြီးတွေ တွေ့ဆုံဆွေးနွေးပွဲမှာ EU ဘဏ်တွေမှာ ထိန်းချုပ်ခံထားရတဲ့ ရုရှားပိုင်ငွေကြေးတွေကရတဲ့ အတိုးငွေတွေကိုသာ အသုံးပြုဖို့ မူအားဖြင့် သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။
Forum