ဒီမိုကရက်ပါတီ သမ္မတလောင်းအဖြစ် Kamala Harris လက်ခံ မိန့်ခွန်း ပြောကြား

ပါတီညီလာခံမှာ တွေ့ရတဲ့ ဒီမိုကရက်ပါတီ သမ္မတလောင်း ဒုသမ္မတ Kamala Harris (ဩဂုတ် ၂၂၊ ၂၀၂၄)

အမေရိကန်ပြည်သူတွေအနေနဲ့ နိုင်ငံရေးအမြင်ကွဲမှုတွေကို လက်မခံဘဲ အမြင်သစ်တွေနဲ့ ရှေ့ဆက်သွားကြဖို့ ဒီမိုကရက်ပါတီ သမ္မတလောင်း Kamala Harris က တိုက်တွန်းလိုက်ပါတယ်။ နိုဝင်ဘာရွေးကောက်ပွဲမှာ ဝင်ပြိုင်ရမယ့်သမ္မတလောင်းအဖြစ် ပါတီရဲ့ ရွေးချယ်မှုကို လက်ခံကြောင်း Chicago မြို့မှာကျင်းပတဲ့ ပါတီညီလာခံနောက်ဆုံးနေ့ ကြာသပတေးနေ့ညက မိန့်ခွန်းပြောခဲ့တာဖြစ်ပါတယ်။

"နိုင်ငံရေးအမြင်မျိုးစုံနဲ့ သူ့ရဲ့မိန့်ခွန်းကို ကြည့်နေကြသူတွေကို သူဟာ အမေရိကန်ပြည်သူအားလုံးအတွက် သမ္မတဖြစ်စေရမယ်ဆိုတဲ့ ကတိကိုပေးပါတယ်" လို့ ဒုသမ္မတ Harris ကပြောကြားခဲ့တာဖြစ်ပါတယ်။

ပါတီနဲ့ ကိုယ်ကျိုးထက် နိုင်ငံကို အမြဲရှေ့တန်းမယ့်သူ၊ တရားဥပဒေစိုးမိုးရေး၊ လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း အာဏာလွှဲပြောင်းရေး စတဲ့ အမေရိကန်တွေတန်ဖိုးထားတဲ့ မူတွေကိုအမြဲစွဲကိုင်ထားမယ့်သူဖြစ်တယ်ဆိုတာ ယုံကြည်ကြဖို့လည်း မိန့်ခွန်းမှာ ပြောကြားသွားခဲ့ပါတယ်။

Jamaica ကျွန်းသား ဖခင်နဲ့ အိန္ဒိယသူ မိခင်တို့ကနေ မွေးဖွားလာတဲ့ ဒုသမ္မတ Kamala Harris က အမေရိကန်မှာ ရွှေ့ပြောင်းအခြေချတဲ့ သူ့မိသားစုနောက်ကြောင်း၊ အစိုးရရှေ့နေအဖြစ် သူလုပ်ခဲ့တဲ့ သူ့လုပ်ရပ်တွေကို မိနစ် ၄၀ ကြာမိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားပြီး အမေရိကန် ပြည်သူတွေအားလုံးရဲ့ မဲရအောင် ဆွဲဆောင် ခဲ့ပါတယ်။

သူနဲ့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ရမယ့် ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း Donald Trump သာ အနိုင်ရခဲ့မယ်ဆိုရင် နိုင်ငံအတွက် အင်မတန်စိုးရိမ်စရာဖြစ်တယ်ဆိုတာကိုလည်း ဒီမိုကရက်ပါတီ သမ္မတလောင်း Kamala Harris က မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

နိုင်ငံခြားရေး မူဝါဒပိုင်းဆိုင်ရာမှာတော့ အမေရိကန်ပြည်ထောင်စု အားကောင်း လုံခြုံရေးကို အမြဲအလေးထား ဆောင်ရွက်မှာဖြစ်ကြောင်း၊ ယူကရိန်းနဲ့ စစ်ရေးမဟာမိတ် နေတိုးအဖွဲ့အတွက် အမေရိကန်က အင်အားခိုင်မာစွာနဲ့ အမြဲရှိနေမှာ ဖြစ်တယ်လို့ပြောပါတယ်။

အစ္စရေးနိုင်ငံအနေနဲ့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ခွင့်ရှိတဲ့အပေါ် အမေရိကန်က ထောက်ခံကြောင်းပြောခဲ့သလို၊ ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းပြည်သူတွေ ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေ အဆုံးသပ်ပြီး လွတ်လပ် လုံခြုံစွာနဲ့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ရေးကိုလည်း သူ့အနေနဲ့ အားပေးတယ်လို့ ဒီမိုကရက်ပါတီ သမ္မတလောင်း Kamala Harris က ပါတီညီလာခံ နောက်ဆုံးနေ့မှာ မိန့်ခွန်းပြောကြားသွားခဲ့ပါတယ်။

Your browser doesn’t support HTML5

ဒီမိုကရက်ပါတီ သမ္မတလောင်းအဖြစ် Kamala Harris လက်ခံ မိန့်ခွန်း ပြောကြား