ဟာဝိုင်ယီပြည်နယ်၊ Big Island က အမျိုးသားတဦးဟာ သူ့အိမ်ရှေ့ လသာဆောင်မှာရပ်နေရင်း Kilauea မီးတောင် ပေါက်ကွဲပြီး ထွက်လာတဲ့ ချော်ရည်ပူအစက် ထိမှန်ပြီးတော့ အပြင်းအထန် ဒဏ်ရာရသွားပါတယ်။ ဒါဟာဖြင့် မေလ ၃ ရက်နေ့ကတည်းကစပြီး မီးတောင်ပေါက်ကွဲနေတာကနေ ပထမဆုံးသိရတဲ့ ထိခိုက်ဒဏ်ရာရမှုပါ။
ချော်ရည်ပူဟာ သူ့ရဲ့ မေးစေ့ကို ထိမှန်ပြီး အဲဒီကနေ သူ့ရဲ့ခြေထောက်အထိ လောင်ကျွမ်းသွားတယ်လို့ ဟာဝိုင်ယီခရိုင် အုပ်ချုပ်ရေးမှူးရဲ့ ပြောခွင့်ရအမျိုးသမီး Janet Snyder က ဟာဝိုင်ယီ News Now ရုပ်သံသတင်းဌာနကို ပြောပါတယ်။
မြေထုကွဲအက်ပြီး ထွက်လာတဲ့ ချော်ရည်ပူတွေဟာ ရေခဲသေတ္တာတလုံးစာအထိ အလေးချိန်ရှိပြီး အစအန အသေးလေးတွေ တောင်မှ အသက်အန္တရာယ်ရှိနိုင်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
အခုဒဏ်ရာရတဲ့လူနဲ့ ပတ်သက်တာ ဒါမှမဟုတ် သူ့ရဲ့အခြေအနေ နောက်ထပ်အချက်အလက်တွေကိုတော့ တာဝန်ရှိသူတွေက မထုတ်ပြန်ပါဘူး။
ချော်ရည်ပူစီးကြောင်းနှစ်ခုဟာ သမုဒ္ဒရာထဲကို စီးဝင်သွားပြီး ဟိုက်ဒရိုကလိုရစ်အက်ဆစ်နဲ့ ဖန်မှုဖန်စတွေပါတဲ့ ရေနွေးငွေ့ လေထဲ ရောက်နေတာကြောင့် အဆုပ်ကို ထိခိုက်ပျက်စီးစေပြီး မျက်စေ့နဲ့ အရည်ပြားမှာ နေမထိထိုင်မသာဖြစ်စေတယ်လို့ ဟာဝိုင်ယီခရိုင် အရပ်ဘက်ကာကွယ်ရေးအေဂျင်စီက ပြောပါတယ်။
ချော်ရည်ပူတွေ စီးထွက်နေတဲ့ မြေထုအက်ကွဲကြောင်း ၂၂ ခုရှိနေတဲ့ထဲက တခုဟာ ကမ်းရိုးတန်းမှာနေသူတွေရဲ့ ထွက်ပြေး လွတ်မြောက်ရာ လမ်းကြောင်းဖြစ်တဲ့ ဟာဝိုင်ယီ အဓိက အဝေးပြေးလမ်းမကြီးတခုကို ပိတ်ဆို့ထားပါတယ်။
Your browser doesn’t support HTML5