H1N1 ရာသီပြောင်းတုပ်ကွေး ရုတ်တရက် ပြန်စဖြစ်မှု

  • ဝင်းမင်း

Your browser doesn’t support HTML5

H1N1 ရာသီပြောင်းတုပ်ကွေး ရုတ်တရက် ပြန်စဖြစ်မှု


ရန်ကုန်နဲ့ ချင်းပြည်နယ်အပါအဝင် တချို့ဒေသတွေမှာ အလွန်ပြင်းထန်တဲ့ H1N1 တုပ်ကွေး ပြန်စတင်ဖြစ်ပွားနေပြီး၊ ဒီရောဂါသံသယရှိသူ အနည်းဆုံး (၃) ဦး သေဆုံးသွားပြီလို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးနေကြပါတယ်။

ပြင်းထန်တဲ့ အဆုပ်ယောင်တာကိုဖြစ်စေနိုင်ပြီး အသက်အန္တရယ်ကြီးတဲ့ ဒီ တုပ်ကွေးဗိုင်းရပ်အမျိုးအစား (အေ) ဟာ လေကတစ်ဆင့် အသက်ရှုလမ်းကြောင်းထဲကို ကူးစက်သွားတာပါ။ ဒီရောဂါပိုးရှိသူကနေ နှာချေ၊ ချောင်းဆိုးရာမှ ထွက်လာတဲ့ အရည်တွေဖြစ်တဲ့ နှာရည်နဲ့သလိပ်တွေကို နောက်တစ်ဦးက ရှုမိတာ၊ ဒါမှမဟုတ် ဒီ နှာရည်နဲ့ သလိပ်တွေကို ရောဂါရှိသူလက်ကတဆင့် သူကိုင်တဲ့ တံခါးလက်ကိုင်၊ လှေကားစတာတွေကို နောက်တစ်ဦးက ကိုင်မိရာက သူ့နှာခေါင်း၊ပါးစပ်ကို သွားပွတ်မိတာကနေ တဆင့် ကူးစက်ရတာပါ။

အခုလို မကူးစက်ရအောင် ကာကွယ်နိုင်ဖို့အတွက် ရောဂါရှိသူအနေနဲ့ နှာချေ၊ ချောင်းဆိုးရာမှာ လက်နဲ့ အုပ်မဆိုးဘဲ၊ အဝတ်၊ လက်ကိုင်ပုဝါ၊ လက်သုတ်ပုဝါ၊ တစ်ရှုးစက္ကူတွေသုံးပြီး လက်ပြန်ဆေးသင့်ပါတယ်။ ဖြစ်နိုင်လျှင် ရောဂါရှိသူရော၊ ရောဂါကူးစက်မခံရသေးသူတွေပါ နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ပေးတဲ့ နှာခေါင်းစည်း တပ်ထားသင့်ပါတယ်။ ဒါ့အပြင် ရောဂါကူးစက်တာ မခံရသေးသူတွေအနေနဲ့လည်း လက်ကို မကြာခဏဆေးတာ၊ တကိုယ်ရည်သန့်ရှင်းမှု ပုံမှန်လုပ်ပေးတာအပြင်၊ ခုလိုရောဂါ စဖြစ်ချိန်မှာ လူထူထပ်တဲ့ နေရာတွေကို ရှောင်ကျဉ်သင့်ပါတယ်။

ဒီရောဂါဖြစ်လာခဲ့ရင်လည်း ကြိုတင်သိနိုင်ဖို့ ရောဂါလက္ခဏာတွေရှိပါတယ်။ ဒီရောဂါ အစပိုင်းမှာ အခြားတုပ်ကွေးတွေလိုပဲ ဖျားတာ၊ နှာစေးတာ၊ ချောင်းဆိုးတာ၊ ခေါင်းကိုက်တာ၊ တကိုယ်လုံးကိုက်တာ၊ လည်ပင်းနာတာ၊ အာသီးယောင်တာ စတာတွေ ဖြစ်လာပေမဲ့၊ အခြားတုပ်ကွေးတွေနဲ့ မထူဘဲ ထူးခြားတဲ့ အသက်ရှုကြပ်တာ၊ ခက်ခဲတာ နဲ့ အဖျားကြီးပြီး သက်တမ်းကြာတာ၊ အံတာ၊ ဝမ်လျောတာနဲ့ ဗိုက်အောင့်တာတွေလည်း ဖြစ်တတ်ပါတာကို အထူး သတိပြုသင့်ပါတယ်။ ဒီရောဂါရဲ့ နောက်ဆက်တွဲ ပြင်းထန်တဲ့ အဆုပ်ယောင်တာနဲ့ ဦးနှောက်အမြှေးပါး ယောင်တာတွေ ဆက်ဖြစ်လာရင်တော့ အသက်ဆုံးရှုံးနိုင်ပါတယ်။

အခုလို အသက်မဆုံးရှုံးအောင် အဖျားရက်နည်းနည်းကြာသည်အထိ (၃-၄ ရက်ကြာပြီး) ပြန်မကောင်းလျှင်၊ အသက်ရှုရတာ ကြပ်လာ၊ ပိုခက်လာလျှင် ဒီရောဂါဖြစ်နိုင်တာကို အထူးသတိထားပြီး၊ အနီးစပ်ဆုံး ဆေးခန်း၊ဆေးရုံတွေ အမြန်ဆုံးပြဖို့ အရေးကြီးပါတယ်။ ကုသမှုအနေနဲ့ အဖျားကြီးတာကို ချပေးတာနဲ့ အသက်ရှုကြပ်လာလျှင် အထူးကြပ်မတ် ကုသဆောင်မှာ စက်နဲ့ ထောက်ကူပေးတာတွေနဲ့ အသက်မဆုံးရှုံးအောင် ကုသပေးနိုင်ပါတယ်။

ဒါ့အပြင် ဒီရောဂါက လောလောဆယ်မှာ ကပ်အသွင် အစုလိုက်အပြုံလိုက် ဖြစ်တဲ့ အဆင့်မရောက်သေးဘဲ၊ လူတဦးချင်းစီ သီးသန့် ဖြစ်နေသေးတာကြောင့် အလွန်အကျွံ မစိုးရိမ်ကြဘဲ၊ ဒီကာလတွင်း ဖျားလာလျှင် ဒီရောဂါဖြစ်နိုင်ချေကို အထူးသတိထားစောင့်ကြည့်ပြီး၊ အထက်ပါ ရောဂါလက္ခဏာတွေ စပြလာပါက အချိန်မီ အမြန်ဆုံး ဆေးကုသမှုခံယူနိုင်ဖို့ ပိုအရေးကြီးနေပါတယ်။

ဒီအကြောင်း အထွေထွေဆေးကုသမှု သမားတော်ကြီး ဒေါက်တာမင်းစိုးဦး ကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။