မြန်မာနိုင်ငံထဲသုံးမယ့် တရုတ်နဲ့ရုရှား ကိုဗစ်ကာကွယ်ဆေး

  • ဝင်းမင်း

A health worker receives a vaccine for the Covid-19 coronavirus at a hospital in Naypyidaw on January 27, 2021. (Photo by Thet Aung / AFP)

Your browser doesn’t support HTML5

မြန်မာနိုင်ငံထဲသုံးမယ့် တရုတ်နဲ့ရုရှား ကိုဗစ်ကာကွယ်ဆေး

မြန်မာနိုင်ငံမှာ အရင်အဓိကသုံးလာတဲ့ အိန္ဒိယက ကိုဗစ်-19 ကာကွယ်ဆေးထပ်ရဖို့ မရေရာချိန်မှာ၊ အဖြစ်များလွန်းနေတဲ့ အိန္ဒိယကတဆင့် ကိုဗစ်တတိယလှိုင်း တက်လာမှာ စိုးရိမ်နေရပြီး၊ တရုတ်နဲ့ရုရှားက ကာကွယ်ဆေးတွေကို အဓိကထိုးဖို့ ပြင်ဆင်မူတွေရှိနေပါတယ်။

တရုတ်ကာကွယ်ဆေးက ထိရောက်မူ တစုံတရာရှိပြီး၊ အန္တရာယ်ကင်း စိတ်ချနိုင်ပေမယ့်၊ ရုရှားကာကွယ်ဆေးကတော့၊ စမ်းသပ်ထိုးမူနဲ့ လေ့လာစရာ အချက်အလက် ထုတ်ပြန်မူ မရှိတာကြောင့်၊ အစမ်းသပ်ခံ မဖြစ်သင့်ဘူးလို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုနေပါတယ်။ တရုတ်နိုင်ငံ Sinovac ကုမ္ပဏီထုတ် CoronaVac ကာကွယ်ဆေးကို၊ ဘရားဇေလ်၊ အင်ဒိုနီးရှားနဲ့ တူရကီတို့မှာ အဆင့် (၃) အဖြစ် စမ်းသပ်ထိုးခဲ့ပြီး၊ အခုလို ထိရောက်မူရှိတာနဲ့ အန္တရာယ်ကင်း စိတ်ချရတာကို တရားဝင်ထုတ်ပြန်ထားပါတယ်။

အမေရိကန်နဲ့ အိန္ဒိယထုတ် ကာကွယ်ဆေးတွေက၊ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ ဗိုင်းရပ်စ်မျိုးရိုးဗီဇ အစိတ်အပိုင်းကိုသုံးကာ၊ ဗိုင်းရပ်စ်ရဲ့ Spike Protein ကနေတဆင့်၊ Antibody (ပဋိလုံပစ္စည်း) ထွက်အောင်လုပ်ပေးချိန်မှာ၊ တရုတ်ကာကွယ်ဆေးကတော့ ရှေးဟောင်းနည်းကိုသာသုံးပြီး၊ ဗိုင်းရပ်စ်အသေကနေ၊ Antibody ထွက်အောင်လုပ်တာပါ။ ထိရောက်မူမှာတော့ ယျေဘူယျအားဖြင့်၊ အမေရိကန်ထုတ် Pfizer နဲ့ Moderna ကာကွယ်ဆေးတွေက၊ ၉၀ % ကျော်အထိရှိပြီး၊ အန္ဒိယထုတ် AstraZeneca ကုမ္ပဏီ (ဗြိတိန်အခြေစိုက်) ကာကွယ်ဆေးကတော့ ၇၀% ဝန်းကျင်ရှိကာ၊ တရုတ်ကာကွယ်ဆေးက၊ ၅၀ % နဲ့ ၇၀ % ဝန်းကျင်အကြား ရှိနေတာကို တွေ့ရှိထားပါတယ်။ ပိုအရေးကြီးတာက၊ အမေရိကန်ကာကွယ်ဆေးတွေအနေနဲ့၊ လက်ရှိ ကိုဗစ်ပိုးမျိုးကွဲအများစုကို ကာကွယ်ထားနိုင်ချိန်မှာ၊ မြန်မာနိုင်ငံမှာလည်း သုံးခဲ့တဲ့ အိန္ဒိယထုတ် AstraZeneca ကုမ္ပဏီ ကာကွယ်ဆေးကတော့၊ တောင်အာဖရိက မျိုးကွဲအတွက် မသေချာဘဲ၊ တရုတ်ကာကွယ်ဆေးကလည်း တောင်အာဖရိက မျိုးကွဲအပြင်၊ ဗြိတိန်နဲ့ လက်ရှိအနီးကပ် အကြီးအကျယ် ခြိမ်းခြောက်နေတဲ့ အိန္ဒိယထပ်ဆင့ ်မျိုးကွဲအတွက်ပါ ပိုမသေချာပါဘူး။

ဘေးထွက်ဆိုးကျိုးမှာတော့၊ ယျေဘူယျအားဖြင့်၊ ထပ်ပွားနိုင်တဲ့ ဗိုင်းရပ်စ်အစိတ်အပိုင်း သုံးထားတဲ့ အမေရိကန်နဲ့ အိန္ဒိယကာကွယ်ဆေးတွေမှာ အနည်းငယ်တွေ့ရပေမယ့်၊ ထပ်မပွားနိုင်တော့တဲ့ ဗိုင်းရပ်အသေဖြစ်တဲ့ တရုတ်ကာကွယ်ဆေးမှာတော့ ဘေးထွက်ဆိုးကျိုး ပိုနည်းနိုင်ပါတယ်။ တခြားသာမန်ရိုးကျ ကာကွယ်ဆေးတွေလိုပဲ၊ တရုတ်ကာကွယ်ဆေးအနေနဲ့၊ ထိုးတဲ့နေရာမှာ နာတာ၊ မအီမသာဖြစ်တာ၊ ကိုယ်လက်ကိုက်တာ၊ ဖျားနာတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ရုရှားကာကွယ်ဆေးကတော့၊ စမ်းသပ်ထားတဲ့ အထောက်အထား တရားဝင်မထုတ်ပြန်သေးချိန်မှာ၊ မြန်မာနိုင်ငံအတွက် စမ်းသပ်ခံအဆင့် မရောက်သွားသင့်ပါဘူး။ အကြောင်းက အမေရိကန်မှာ အဆင့် (၃) အဖြစ်၊ လူတချို့နဲ့ စမ်းသပ်ထိုးခဲ့တဲ့ Johnson & Johnson ကိုဗစ်ကာကွယ်ဆေးမှာတောင်၊ လူအများစထိုးချိန်မှာ၊ လူအနည်းငယ် (သန်းပေါင်းများစွာထဲ ၁၅ ယောက်) သွေးခဲပြီး လေဖြတ်စေတဲ့ ဆိုးကျိုးကို၊ အဆင့် (၄) ဈေးကွက်ထဲ အသုံးပြုပြီးနောက်ပိုင်း လေ့လာမူစစ်တမ်းထဲ တွေ့ရှိခဲ့မို့၊ ဘယ်သူတစ်ဦး တစ်ယောက်မှ မလိုအပ်ဘဲ မထိခိုက်စေဖို့ပါ။

တရုတ်ကာကွယ်ဆေးထိုးမဲ့သူတွေ ကြိုတင်ပြင်ဆင်ထားမူအတွက်တော့၊ အဖျားတိုင်းကြည့်ဖို့နဲ့ ကိုက်ခဲ ဖျားနာလာလျှင်သောက်ဖို့ အကိုက်အခဲနဲ့ အပူကျဆေး ပါရာစီတမော ဆောင်ထားသင့်ပါတယ်။ ထူးဆန်းတဲ့ လက္ခဏာတွေပြလာလျှင် ကျွမ်းကျင်နားလည်သူတွေကို ဆက်သွယ်ဖို့ ဖုန်းနံပါတ်တွေ ကြိုပြင်ထားသင့်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက အများပြည်သူအတွက် လက်ရှိအခြေအနေမှာ အကောင်းဆုံး ဆက်ကာကွယ်နိုင်တဲ့နည်းလမ်းကတော့၊ အရင်သိပြီး လုပ်ဆောင်လာပြီး၊ ကာကွယ်နည်းတွေ (Mask ပါစပ်နဲ့နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာနဲ့ လူချင်းခပ်ခွာခွာနေတာတွေ) ပါပဲ။ ဒါတွေကို ကာကွယ်ဆေးထိုးပြီးသူတွေလည်း၊ ဆက်လက်လုပ်ဆောင်သင့်ပါတယ်။

ဒီအကြောင်းပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က နယူးယောက်မြို.ရှိ Wyckoff Heights ဆေးရုံက၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

==Unicode==





