အဆုပ်ရောဂါအခံရှိသူတွေ ကိုဗစ်ဖြစ်လာလျှင် သတိပြုသင့်တာများ

  • ဝင်းမင်း

This photo taken on February 3, 2020 shows a doctor looking at a lung CT image while making his rounds at a ward of a quarantine zone in Wuhan, the epicentre of the new coronavirus outbreak, in China's central Hubei province. - The number of total infecti

Your browser doesn’t support HTML5

အဆုပ်ရောဂါအခံရှိသူတွေ ကိုဗစ်ဖြစ်လာလျှင် သတိပြုသင့်တာများ

Chronic Obstructive Pulmonary Disease (COPD) (ခေါ်) နာတာရှည် အဆုပ်ပွ ပန်းနာရောဂါအခံ ရှိသူတွေမှာ၊ ကိုဗစ်ပိုးကူးစက်ခံရလျှင်၊ ကုသမူခံယူရာမှာ အထူးပိုသတိပြုသင့်တာတွေ ရှိနေတယ်လို့ ကျန်းမာရေးပညာရှင်တွေ က ဆိုပါတယ်။

COPD (ခေါ်) နာတာရှည်အဆုပ်ပွပန်းနာ (သို့မဟုတ်) နာတာရှည် အဆုပ်ပွလေပြွန်ကျဉ်းရောဂါ အခံရှိသူတွေမှာ ကိုဗစ်ပိုးကူးစက်ခံရလျှင် ကုသရာမှာ အထူးစိုးရိမ်ရပါတယ်။ အကြောင်းက အပြန်အလှန် ရောဂါကြွစေတဲ့ ဒီရောဂါ နှစ်ခုလုံးအတွက် ကုထုံး နှစ်မျိုးနဲ့ ပေါင်းကုရတာအပြင်၊ အောက်ဆီဂျင် ကျဆင်းစေမူကလည်း နှစ်ဆတိုး အသက်အန္တရာယ်ကြီးသွားနိုင်လို့ပါ။ ဒါ့အပြင် အောက်ဆီဂျင်ပေး ကုသရာမှာလည်း၊ ဒီ COPD ရောဂါပြင်းထန်သူတချို့မှာ၊ အောက်ဆီဂျင် အများကြီးပေးမိလျှင်၊ အခြားသူတွေနဲ့မတူဘဲ၊ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ပါ ပိုများလာစေပြီး အသက်အန္တရာယ် ပိုဆိုးသွားစေနိုင်ပါတယ်။ ဒီဆိုးလာတဲ့ လက္ခဏာတွေအဖြစ် မှိန်းလာတာ၊ အသက်ရူအားမကောင်းတာနဲ့ သတိမေ့သွားတတ်တာတွေ တွေ့လာရတတ်ပါတယ်။ ဒီအခြေအနေမှာ သွေးထဲ အောက်ဆီဂျင်ပမာဏကိုတိုင်းရုံ (Pulse Oximeter) နဲ့ မလုံလောက်တော့လဲ၊ အောက်ဆီဂျင်ရော၊ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ် ပမာဏကိုပါ (Arterial Blood Test) တိုင်းဖို့ လိုလာပါတယ်။

ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ် တက်လာပါက အသက်အန္တရာယ်ကြီးတာကြောင့် အသက်ရူစက်တပ်ဖို့ လိုလာပါတယ်။ အခုလို အသက်ရူစက်တပ်ရာမှာ ပါးစပ် (သို့မဟုတ်) နှာခေါင်းကတဆင့်၊ အဆုပ်ထဲကို ပိုက်ထည့်သွင်းပြီး စက် (Ventilator) နဲ့ အသက်ရူစေတာကြောင့်၊ လူနာအတွက်ရော ကုသပေးသူတွေအတွက်ပါ ကူးစက်နိုင်မူအန္တရာယ် များသွားကာ၊ ကုန်ကျစရိတ်လည်း ကြီးလွန်းပါတယ်။ အခြားနည်းဖြစ်တဲ့ အခုလိုအဆုပ်ထဲ ပိုက်မသွင်းဘဲ၊ အပြင်ကနေဘဲ နှာခေါင်းနဲ့ပါးစပ်အုပ်နဲ့ စက်တပ်အသက်ရူစေတာ (Non-Invasive Ventilator – NIV) ကလည်း အဆုပ်ထဲပိုက်ထည့်တာလောက် အောက်ဆီဂျင်ဝင်အား သိပ်မကောင်းသလို၊ ထွက်သက်ဝင်သက်ကြောင့် ပိုးတွေအပြင်ထွက်လာက ကူးစက်မူကို ပိုများစေပြန်ပါတယ်။ နောက်အန္တရာယ်ရှိတာတစ်ခုကလည်း ဒီ နာတာရှည်အဆုပ်ပွ ပန်းနာလူနာတွေ သုံးရလေ့ရှိတဲ့ အငွေ့ရူစက် (Nebulizer) သုံးလျှင်လည်း၊ ချောင်းဆိုးမိတတ်ကာ၊ အနီးကကျန်းမာရေးဝန်ထမ်းအပါအဝင် ပြုစုစောင့်ရှောက်ပေးသူတွေကို ကူးစက်နိုင်မူ များလွန်းစေတတ်ပါတယ်။

နောက်သတိပြုစရာ အန္တရာယ်က ဒီ COPD နာတာရှည်အဆုပ်ပွ ပန်းနာရောဂါသည်တွေအနေနဲ့ ကိုဗစ်ကာလမှာ ဆေးရုံ၊ ဆေးခန်းမပြနိုင်ခဲ့တာကြောင့် ပုံမှန်လတိုင်းစစ်ဖို့ လိုအပ်တဲ့ ပူးတွဲဖြစ်လာတတ်တဲ့ ရောဂါတွေ (ဥပမာ၊ နှလုံးရောဂါ၊ အစာအိမ်အူလမ်းကြောင်းရောဂါနဲ့ အရိုးရောဂါ စတာ) တွေရှိနေနိုင်တာ မသိဘဲရှိနေနိုင်တာပါ။ ဒါ့အပြင် နောက်တွဲဖြစ်နိုင်တာက တီဘီအဆုပ်နာရောဂါဖြစ်ပြီး၊ အခုလို မစစ်မိတာကြောင့် မသိလိုက်ဘဲ အကူးခံထားရကာ၊ ကိုဗစ်ဖြစ်လာချိန် နှစ်ထပ်ကွမ်း သုံးထပ်ကွမ်း ပိုဆိုးလာတာအပြင်၊ မိမိကနေလည်း အခြားသူတွေကို ကူးစက်သွားစေတာတွေရှိနိုင်ပြန်ပါတယ်။ အခုလို အခြေအနေမျိုးမှာ ကိုဗစ်ကာလ ဆေးခန်းသွားရခက်ပြီး၊ အိမ်မှာဘဲနေရသူတွေအနေနဲ့၊ ထူးခြားလာတဲ့ လက္ခဏာတွေ ခံစားလာရလျှင် ဖုန်းနဲ့တဆင့် (Telemedicine) ဆရာဝန်နဲ့ ပြောပြတိုင်ပင်သင့်ပါတယ်။ လိုအပ်လာလျှင် ဆေးစစ်မူတွေလုပ်ပြီး၊ ဒီရောဂါတွေဖြစ်မဖြစ် ခွဲခြားသိနိုင်ပါတယ်။

နောက်ဆုံးမှာတော့ ဒီ အဆုပ်ရောဂါအခံရှိသူအတော်များများအနေနဲ့ ဆေးရုံ၊ဆေးခန်း မဖြစ်မနေသွားရမဲ့ အခြေအနေကို သိနိုင်တာတစ်ခု တိုးတက်မူတော့တွေ့လာရပါတယ်။ အဲ့ဒါက အခုကိုဗစ်ကာလမှာ ဒီရောဂါအခံရှိသူများစွာအနေနဲ့ Pulse Oximeter ခေါ် သွေးတွင်း အောက်ဆီဂျင်ပမာဏတိုင်းတဲ့ ကရိယာလေးတွေ အိမ်မှာဆောင်ပြီး စစ်ဆေးတတ်လာတာပါ။ လက်ချောင်းဖျားထိပ်မှာတပ်ပြီး အလွယ်တကူစစ်နိုင်တဲ့ ဒီစက်လေးမှာ၊ သွေးတွင်းအောက်ဆီဂျင်ပမာဏအပြင် နှလုံးခုန်နှုန်းကိုလဲပြပါတယ်။ ဒါကြောင့် အခုလို ဆရာဝန်ကိုဖုန်းနဲ့ဆက်သွယ်ပြသရာမှာ၊ အောက်ဆီဂျင်ကျတာ၊ နောက် သွေးခုန်နှုန်းမမှန်တာ စတဲ့စိုးရိမ်စရာတွေအတွက်၊ လိုအပ်လျှင် ဆေးရုံဆေးခန်းလာဖို့နဲ့ ပြင်ဆင်တာတွေလုပ်ဖို့ ဆရာဝန်က အကြံပေးနိုင်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က အဆုပ်နဲ့ ရင်ခေါင်း အထူးကုဆရာဝန်ကြီးနဲ့ ဆေးတက္ကသိုလ် (၁) အဆုပ်နဲ့ အသက်ရူလမ်းကြောင်းဆိုင်ရာ ဆေးပညာဌာန အငြိမ်းစားဌာနမူး ပါမောက္ခ ဒေါက်တာဝင်းနိုင် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

==Unicode ==





