သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်နဲ့ အဆုပ်ရောဂါအခံ


ကိုဗစ်နဲ့ အဆုပ်ရောဂါအခံ
please wait

No media source currently available

0:00 0:07:37 0:00
တိုက်ရိုက် လင့်ခ်

ကိုဗစ်ရောဂါ သဘာဝအရ ရောဂါအခံရှိသူတွေမှာ ပိုပြင်းပြင်းထန်ထန် ခံစားစေရတာက၊ အဆုပ်နဲ့ ရင်ခေါင်းရောဂါအခံ ရှိသူတွေအတွက်ဆိုလျှင် ပိုတောင်တိုက်ရိုက်သက်ဆိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုပါတယ်။

Chronic Obstructive Pulmonary Disease (COPD) ခေါ် နာတာရှည် အဆုပ်ပွပန်းနာရောဂါ (သိုမဟုတ်) နာတာရှည်အဆုပ်ပွ လေပြွန်ကျဉ်းရောဂါ အခံရှိသူတွေမှာ၊ နဂိုကတည်းက မောကြပ်နေကာ၊ အောက်ဆီဂျင်အရ နည်းတာကြောင့်၊ အဆုပ်ကို တိုက်ရိုက်ထိခိုက်ပြီး အဆုပ်ရောင်တာ (Pneumonia) နဲ့၊ အောက်ဆီဂျင်ကျတာတွေ ဖြစ်စေပြီး၊ အခု ကိုဗစ်ရောဂါ ထပ်ဝင်လာချိန်မှာ၊ နှစ်ထပ်ကွမ်း ပိုဆိုးသွားစေတာပါ။ နာတာရှည် အဆုပ်လေပြွန်ရောင်တာ (Chronic Bronchitis) နဲ့ အဆုပ်လေအိပ်ပျက်စီးတာ (Emphysema) တွေကြောင့်လည်း၊ COPD ဆက်ဖြစ်စေနိုင်တာကြောင့်၊ အဆုပ်နဲ့ ရင်ခေါင်းရောဂါတွေကို ရောထွေးခေါ်ဆိုလေ့ရှိပြီး၊ ကိုဗစ်ဖြစ်လာချိန်မှာတော့ စုပေါင်းပြီး ဆတိုးပြင်းထန်ကာ သေဆုံးမူလည်း ပိုများစေနိုင်ပါတယ်။

ဒါကြောင့် ကိုဗစ်ကာလမှာ အဆုပ်နဲ့ ရင်ခေါင်းရောဂါအခံ ရှိသူတွေမှာ သာမန်လူတွေလို ကိုဗစ်ကို ပုံမှန်ကာကွယ်တာအပြင်၊ အထူးသတိပြု အလေးထား ကာကွယ်သင့်တာတွေလည်း ရှိလာပါတယ်။ ဒီအဆုပ်နဲ့ ရင်ခေါင်းရောဂါအခံကြောင့် ကိုဗစ်ပိုပြီး ကူးစက်နိုင်တာကို မတွေ့ရသေးတာမို့၊ အခြားသူတွေလိုပဲ ပုံမှန်ကာကွယ်ရေးအတွက်၊ အိမ်မှာအဓိကနေတာ၊ အပြင်ထွက်လျှင်လည်း Mask ပါးစပ်နဲ့နှာခေါင်းစည်းတပ်တာ၊ မကြာခဏ လက်ဆေးတာ (ရေဆပ်ပြာ၊ Hand Gel လက်သန့်ဆေးရည်သုံးပြီး) နဲ့ လူချင်းခပ်ခွာခွာ ( ၆ ပေအကွာ) နေတာတွေ လုပ်ဆောင်ပေးသင့်ပါတယ်။ အခြားသူတွေနဲ့ မတူပဲ အထူးကာကွယ်ဖို့ လိုအပ်တာကတော့၊ အဆုပ်ရောဂါအခံကြောင့် ပိုကူးစက်ခံရနိုင်တဲ့ ဆေးရုံ၊ ဆေးခန်း မကြာခဏ သွားနေရတာမျိုးကို ကာကွယ်လျှော့ချနိုင်ဖို့ပါ။ ဒီအတွက် အဆုပ်နဲ့ ရင်ခေါင်းရောဂါဆိုင်ရာ ဆေးတွေကို ပုံမှန်သောက်ပြီး ထိန်းထားတာ၊ လိုအပ်လျှင် ဖုန်းနဲ့တဆင့် ဆရာဝန်နဲ့ ပုံမှန်တိုင်ပင်တာ (Telemedicine) အပြင်၊ အဆုပ်ရောဂါ ကြွစေနိုင်တာတွေကို ရှောင်ဖို့ပါ။ ဒီရောဂါကို ကြွစေတဲ့ ဆေးလိပ်သောက်တာ၊ အမှုန်အမွှားနဲ့ အနံ့အသက်တွေ ရူမိတာကို ရှောင်ရှားတာအပြင်၊ ရာသီပြောင်းချိန် ဓာတ်မတဲ့တာတွေကိုလည်း သတိပြု ခွဲခြားဆင်ခြင်နိုင်ဖို့ လိုပါတယ်။ ကိုဗစ်ကာလမှာ အခုလို အဆုပ်ရောဂါကြွလာလျှင် ရိုးရိုးကြွတာအပြင်၊ ကိုဗစ်ကြောင့်လည်း ဖြစ်နိုင်တာမို့ ခွဲခြားသိဖို့လိုလာကာ၊ လက္ခဏာပြင်းထန်လာလျှင်တော့ အရေးပေါ် (Emergency) ဌာနကို အမြန်ပြဖို့ အရေးကြီးပါတယ်။ ကိုဗစ်ဖြစ်လာလျှင် ဒီရောဂါအခံရှိသူတွေမှာ ခံနိုင်ရည်နည်းပြီး အသက်အန္တရာယ် ရှိနိုင်လို့ပါ။ ဒီနေရာမှာ တစ်ခုသတိပြုရမှာကလည်း ဒီနာတာရှည် အဆုပ်ပွပန်းနာ ရှိထားတာကို မသိသေးသူတွေလည်း ရှိနေနိုင်တာပါ။

နာတာရှည် အဆုပ်ပွပန်းနာနဲ့ ကိုဗစ်ကို ခွဲခြားသိနိုင်ဖို့ အဓိကအချက်ကတော့၊ ကိုဗစ်မှာသာဖြစ်တဲ့ အဖျားရှိတာနဲ့ အနံအသက်ပျောက်တာအပြင်၊ ရောဂါဖြစ်တဲ့ကာလလည်း တိုတောင်းတာပါ။ နာတာရှည် အဆုပ်ပွပန်းနာကတော့ လတွေနဲ့ချီ တဖြည်းဖြည်း ဖြစ်လာတာပါ။ ကျန်လက္ခဏာတွေဖြစ်တဲ့ မောတာ၊ အသက်ရူကြပ်တာ၊ အသက်ရူချိန် ရွှီးရွှီးမြည်တာ၊ ချောင်းဆိုးတာ၊ သလိပ်ထွက်တာတွေကတော့ နှစ်ခုလုံးမှာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီအဆုပ်ရောဂါအခံ ရှိထားမှန်းမသိသူတွေလည်း ရှိနိုင်တာမို့၊ ကိုဗစ်ကာလမှာ ဒီလက္ခဏာတွေကို ဂရုပြုပြီး၊ အခြေအနေပေးလျှင် အဆုပ်အတွက် သေချာအောင် ဆေးရုံ ဆေးခန်း ပြသင့်ပါတယ်။ မြန်မာနိုင်ငံမှက တီဘီအဆုပ်ရောဂါလည်း ဖြစ်နိုင်တာမို့ ကြိုခွဲခြားသိဖို့ လိုပါတယ်။ ကိုဗစ်ဖြစ်ကြောင်း သေချာအောင်ကတော့ ဆေးစစ်ဖို့ လိုပါတယ်။ ဒီနေရာမှာ အရေးကြီးဆုံးကတော့ အဖျားပါရှိလာပြီး၊ အမောကလည်း ပိုဆိုးကာ၊ ချောင်းလည်း ပိုဆိုးလာလျှင်တော့၊ ကိုဗစ်ကာလမို့ အမြန်ဆုံးဆေးရုံဆေးခန်း ပြသင့်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလးည်နိုင်ဖို့ ကိုဝင်းမင်း က အဆုပ်နဲ့ ရင်ခေါင်း အထူးကုဆရာဝန်ကြီးနဲ့ ဆေးတက္ကသိုလ် (၁) အဆုပ်နဲ့ အသက်ရူလမ်းကြောင်းဆိုင်ရာ ဆေးပညာဌာန အငြိမ်းစားဌာနမူး ပါမောက္ခ ဒေါက်တာဝင်းနိုင် ကို ဆက်သွယ်မေးထားပါတယ်။

== Unicode ==






XS
SM
MD
LG