ဆီးချိုရှိထားသူတွေမှာ ကိုဗစ်ဖြစ်လာလျှင် ပိုအန္တရာယ်ကြီးတာကြောင့်၊ ကြိုတင်ကာကွယ်ရေးတွေ ပိုလုပ်သင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုလိုက်ပါတယ်။
ဆီးချိုရှိသူတွေ ကိုဗစ် မဖြစ်အောင် ပိုကာကွယ်ရာမှာ ပုံမှန် ယေဘုယျ ကာကွယ်ရေးတွေကို ပိုအလေးအနက် လုပ်ဆောင်ဖို့သာ လိုပါတယ်။ အဓိကအားဖြင့် ဖြစ်နိုင်လျှင် အတတ်နိုင်ဆုံး အပြင်မထွက်ဘဲ အိမ်မှာနေတာ၊ အပြင်ထွက်ရလျှင်လည်း Mask (ပါးစပ်နဲ့နှာခေါင်းစည်းတပ်တာ)၊ အပြင်က ပစ္စည်းတွေ ကိုင်တွယ်ပြီးလျှင် လက်ကို မကြာခဏ စနစ်တကျ (စက္ကန့် ၂၀ ကြာ၊ ဆပ်ပြာ အမြုပ်ထွက်အောင်) ဆေးတာ၊ ရေနဲ့ဆပ်ပြာ မရလျှင် ပိုးသတ်ဆေးရည် (Hand Gel/ Sanitizer) ပွတ်တာအပြင်၊ အပြင်က အများသုံး မျက်နှာပြင်ပစ္စည်းတွေ ကိုင်တွယ်ရာမှာ (ဥပမာ၊ ဓာတ်လှေကား ခလုပ်နှိပ်တာ၊ လှေကားလက်တန်း ကိုင်တာမှာ တစ်ရူးစက္ကူ ကြားခံပြီး ကိုင်တွယ်တာ)၊ ဖြစ်နိုင်လျှင် ဒီအများထိတွေ့ထားတဲ့ မျက်နှာပြင်နဲ့ ပစ္စည်းတွေကို မကိုင်တွယ်တာ၊ အိမ်ကိုလည်း အပြင်လူ အလာမခံတာတွေ လုပ်ဆောင်သင့်ပါတယ်။ ဒါ့အပြင်၊ အပြင်ထွက်ပြီး အိမ်ပြန်ရောက်လျှင်လည်း လက်ကိုချက်ချင်းပြန်ဆေးတာ၊ လက်မဆေးမီ မျက်နှာတဝိုက် (နှာခေါင်း၊ ပါးစပ်၊ မျက်စိအပါအဝင်) မထိမိ မကိုင်မိအောင် သတိထားတာ၊ ချောင်းဆိုးလျှင်လည်း တစ်ရူး (သို့မဟုတ်) လက်ကိုင်ပုဝါအုပ်ဆိုတာ၊ ဒီတစ်ရူး၊ လက်ကိုင်ပုဝါမရနိုင်လျှင် တံတောင်ကွေးနဲ့ အုပ်ဆိုးတာတွေ လုပ်ဆောင်ပေးဖို့ လိုပါတယ်။ နောက်အရေးကြီးတာက အိမ်မှာ တစ်ယောက်ယောက် ကိုဗစ်ပိုးရှိတာ၊ ဖျားတာ၊ နှာစေးချောင်းဆိုးတာ၊ လည်ချောင်းနာတာတွေ ဖြစ်လာလျှင်၊ အနားကို မသွားတာ၊ အိမ်ထဲ (၆) ပေအကွာမှာနေတာနဲ့ သူရောကိုယ်ပါ ပါးစပ်နဲ့နှာခေါင်းစည်း တပ်တာတွေလုပ်ဖို့ လိုလာပါတယ်။
နောက်ကြိုတင်ပြီး ကာကွယ်သင့်တာက ဆီးချိုသွေးချို ထိန်းထားနိုင်အောင် (သွေးချို မတက်အောင်၊ မကျအောင်) ပါ။ သွေးချိုမတက်အောင် အထွေထွေ ကျန်းမာရေးကောင်းအောင် လုပ်တဲ့နည်းတွေ ပိုလုပ်ဆောင်သင့်ပါတယ်။ ဒီအထဲမွာ အေရးကြီးတာတစ္ခုက အစားအေသာက္ပါ။ ဆီးချိုသွေးချိုတက်စေတဲ့ အချိုဓာတ်ပါ အစားအသောက်အမျိုးအစားတွေကို ရှောင်ကျဉ်ဖို့ လိုပါတယ်။ အဓိကအားဖြင့် ဖြည့်စွက်စာ ဆီးချိုနို့မှုန့် (Meal Replacement) တွေ မသောက်သင့်ပါဘူး။ လက် ရှိကိုဗစ် ဖြစ်လာသူတချို့မှာ ဆီးချိုနို့မှုန့်တွေကြောင့် ဆီးချိုတက်စေပြီး၊ သေဆုံးမူအထိ ဖြစ်လာတာတွေ့ရှိထားပါတယ်။ တကယ်က ဆီးချိုနို့မှုန့်သဘောက အစာမစားနိုင်သူတွေအတွက် အစားထိုးဖို့ သက်သက်ဖြစ်ပေမယ့်၊ မြန်မာနိုင်ငံက လူနာတွေက ထမင်းလည်းစာ၊ နို့မှုန့်လည်း မလိုဘဲ ထပ်သောက်တာကြောင့် အခုလို ဆီးချိုပိုတက်ကုန်တာပါ။ နောက်ဆီးချိုတက်စေတဲ့ အစားအသောက်တွေကတော့၊ ဓာတ်ဆားရည်၊ ကော်ဖီမစ် (Coffee-Mix)၊ ဂျုံဖြူနဲ့ လုပ်ထားပြီး သိပ်နုသော ပေါင်မုန့် ကိတ်မုန့် ဘီစကစ်၊ သကြားပါတဲ့ ဘီစကစ်၊ ကရင်မ် (Cream) ပါတဲ့ ကိတ်မုန့်အပြင်၊ မြန်မာမုန့်တွေထဲမှာလည်း ထန်းလျှက်၊ ကြံသကာ၊ အုန်းသီးပါတဲမုန့်၊ ချိုတဲ့မုန့်တွေဖြစ်တဲ့ ရွှေကြည်၊ ဆနွင်းမကင်း၊ ထိုးမုန့်၊ ဘိန်းမုန့်၊ လမုန့် စတာတွေဖြစ်ပါတာမို့ ရှောင်ကျဉ်သင့်ပါတယ်။ နောက်အရေးတကြီး ဆီးချိုတက်နေချိန် ရှောင်ဖို့လိုတာက သကြားဓာတ်တွဲပါတဲ့ သစ်သီး (သရက်သီး၊ နဂါးမောက်သီး၊ စတာ) ဖြစ်ပြီး၊ ဆီးချိုကိုထိန်းထားနိုင်ချိန်ရောက်လျှင်တော့ အနည်းငယ် (ပန်းကန်ပြားငယ်ဆန့် ၄ တုံးခန့်) ပြန်စားနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက ဆီးချိုရှိသူတွေ သစ်သီးကို အလွန်အကျွံ စားမိတတ်ကာ၊ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
အခုလို အချိုဓာတ်ပါတဲ့ အရည်၊ မုန့်နဲ့ သစ်သီးတွေမစားသင့်ပေမယ့် ထမင်း၊ အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေကို ပုံမှန်စားနိုင်ပါတယ်။ အထူးသဖြင့် အရွက်တွေ ပိုစားသင့်ပြီး အရောင်စုံအောင်လည်း စားသင့်ပါတယ်။ ဥပမာ - အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေအပြင်၊ အနီရောင် မုန်လာဥနီ၊ အဝါရောင် ရွေဖယုံသီးနဲ့ အခြားအဖြူရောင်အရွက်တွေပါ စုံအောင်ပိုများများစားသင့်ပါတယ်။
နောက် ကိုဗစ်ကာလမှာ ဆီးချိုရှိသူတွေ ပိုသတိထား လုပ်ဆောင်သင့်တာက ကိုယ်လက်လူပ်ရှားမူပါ။ ကိုဗစ်ကာလ အသွားအလာ ကန့်သတ်မူတွေကြောင့်၊ အပြင်မထွက်နိုင်၊ ရုံးနဲ့အလုပ်မသွားနိုင်ဘဲ အိမ်မှာပိုနေကာ လူပ်ရှားမူနည်းလာတာအပြင်၊ ပုံမှန်အားကစား လုပ်သူတွေအတွက်လည်း အားကစားခန်းမ (Gym)၊ ကန်ဘောင်၊ ပန်းခြံတွေကိုသွားဖို့ ခက်သွားပါတယ်။ ဒါကြောင့် အိမ်မှာပဲ လုပ်နိုင်တဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကို တစ်နေ့ (၁၅) မိနစ်ကနေ နာရီဝက်ခန့် ကြိုးစားလုပ်ဆောင်ပေးဖို့ လိုလာပါတယ်။ ဒါ့အပြင် ဖုန်းတွေ (Facebook၊ Messenger ပွတ်တာ)၊ ကွန်ပြူတာနဲ့ ရုပ်မြင်သံကြား ကြည့်တာတွေ များလာပြီး၊ အိပ်ချိန်ပါ ထိခိုက်လာတဲ့ ခေတ်ရောက်လာတာမို့၊ အခု ကိုဗစ်ကာလမှာ အိပ်ရေးမပျက်အောင်၊ မအိပ်ခင် တစ်နာရီ၊ နှစ်နာရီလောက်ထဲက ဒါတွေကို ကြိုတင်မသုံးသင့်တော့ဘဲ၊ တစ်နေ့ကို (၇) နာရီအနည်းဆုံး အိပ်ရေးဝအောင် အိပ်သင့်ပါတယ်။ နောက် အခုကာလမှာ ရေလည်းများများပိုသောက်သင့်ပါတယ်။ နှလုံးနဲ့ကျောက်ကပ်ရောဂါရှိသူမှလွဲပြီး၊ အမျိုးသားဖြစ်လျှင် တစ်နေ့ ရေ (၄) လီတာ (ရေသန့်ဗူးကြီး ၄ ဗူး)၊ အမျိုးသမီးဆိုလျှင် ရေ (၃) လီတာ (ရေသန့်ဗူးကြီး ၃ ဗူး) စာ သောက်ဖို့အရေးကြီးပါတယ်။ နှလုံးနဲ့ကျောက်ကပ်ရောဂါ ရှိသူတွေအနေနဲ့ ရေဘယ်လောက် သောက်သင့်တာကို သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ မေးပြီးသောက်သင့်ပါတယ်။ နောက်တစ်ခုကတော့ ကိုဗစ်ကာလမှာ ပိုများလာတဲ့ စိတ်ဖိစီးမူ (Stress) တွေလျော့ချနိုင်ဖို့၊ စိတ်ကိုထိန်းပေးနိုင်တဲ့ ဘာသာတရားလုပ်တာ (တရားထိုင်၊ ပုတီးစိတ်အပါအဝင်)၊ အားကစားလုပ်တာ၊ ယိုဂါ (Yoga) လေ့ကျင့်ခန်းလုပ်တာတွေ လုပ်ဆောင်ပေးသင့်ပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါအသင်း ဥက္ကဌ၊ ဆီးချိုအထူးကုဆရာဝန်ကြီးနဲ့၊ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာတင့်ဆွေလတ် ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
==Unicode==