ငပလီကမ်းခြေနဲ့ ရခိုင်ပြည်နယ် နေရာအချို့မှာ တိုက်ပွဲပြင်းထန်

သံတွဲမြို့ အခြေစိုက်စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ခဲ့ကြောင်း အာရက္ခတပ်တော်ကထုတ်ပြန်ခဲ့ (ဇူလိုင် ၁၁၊ ၂၀၂၄)

ရခိုင်ပြည်နယ် သံတွဲ၊ အမ်းနဲ့ မောင်တောမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်စခန်း တွေကို အာရက္ခတပ်တော် AA က တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ရခိုင်ပြည်နယ် နေရာအများအပြားက တိုက်ပွဲတွေကြား အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုငြိမ်းချမ်း တင်ပြထားပါတယ်

ရခိုင်ပြည်နယ် သံတွဲမြို့မှာ အာရက္ခတပ်တော် AA တပ်ဖွဲ့တွေ ထိန်းချုပ်ထားပြီးနောက် ငပလီကမ်းခြေမှာ ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က ညနေပိုင်းကစ ငပလီမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့လည်း ဒေသခံတယောက်က ပြောပါတယ်။

“ အခုလက်ရှိကြားရတဲ့ သတင်းအရဆိုရင်တော့ စစ်ကောင်စီက ခြေကုတ်ယူထားတဲ့ ဂျိတ်တ္တောရပ်ကွက်ပေါ့နော်၊ တိုက်ပွဲ အပြင်းအထန်ဖြစ်နေတယ်၊ ဒီနေ့မနက် ၁၁နာရီလောက်ကဆိုရင် အဘဲတောင်ကြားလမ်းမှာဖြစ်တယ်၊ အဲဒီကနေ ညနေ ၅နာရီ ၂ဝလောက်မှာ ဒီညီမတို့ဂျိတ္တောရပ်ကွက်ရဲ့ အဝင်ဘုန်းကြီးကျောင်းနားကနေစပြီး တိုက်ပွဲဖြစ်တယ်လို့ ပြောတယ်ရှင့်။ တိုက်ပွဲက ဂျိတ္တောတရွာလုံးနီးပါးနေရာ အနှံ့မှာဖြစ်တယ်လို့ ပြောတယ်၊ အပစ်အခတ်မရပ်သေးဘူး လေယာဉ်တွေနဲ့ လုံးဝပျံနေတယ်၊ အဲမှာရှိတဲ့ လူတွေ အကုန်လုံးက ဗုံးခိုကျင်းထဲမှာ ပုန်းနေရတဲ့ အနေအထားရှိပါတယ်။”

သံတွဲတိုက်ပွဲအတွင်း စစ်ကောင်စီက ရေကြောင်း လေကြောင်းတွေနဲ့ ပစ်ကူပေးနေပြီး သံတွဲမြို့နယ်နဲ့ ထိစပ်နေတဲ့ ဂွနဲ့ ကျိန္တိလီမြို့နယ်ဘက်တွေမှာလည်း ရေကြောင်းခရီးသွားလာခွင့်နဲ့ ငါးဖမ်းခွင့်ပိတ်ထားပြီး စစ်ရေးပြင်ဆင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရခိုင်မြောက်ပိုင်းက မောင်တောမြို့နယ်မှာလည်း စစ်ကောင်စီ တပ်ဖွဲ့တွေကို AA အဖွဲ့က တိုက်ခိုက်ရာက တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံ တဦးကပြောပါတယ်။ တိုက်ပွဲတွေကြောင့် မောင်တောမှာ ဒေသခံတချို့ ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

“ မောင်တောမြို့နယ်ထဲမှာဆိုရင်တော့ နခခ(၅)ကို AAက ထိုးစစ်ဆင်တိုက်ခိုက်နေ သလိုမြို့ထဲမှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်၊ မြို့သိမ်းတိုက်ပွဲ ဆင်နွဲနေတာပေါ့ဗျာ၊ မြို့တွင်းမှာ လက်နက်ကြီးကျပြီးတော့ ဒေသခံတချို့ သေဆုံးတာတွေရှိသလို အသတ်ခံရတာတွေလည်းရှိတယ်၊ မောင်တောမှာတော့ အဲလောက်ပဲကြားရတယ်။”

အမ်းမြို့နယ် အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်း AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဒီရက်ပိုင်းတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ အမ်းဘက်မှာဆိုရင် စစ်ကောင်စီရဲ့ နပခကို ဝင်ရောက်တိုက်ခိုက်နေတာရှိတယ်၊ ဆိုတော့ အမ်း နပခ မကျဆုံးစေရေးအတွက် စစ်ကောင်စီက ကာကင်းစခန်းတွေ တိုးချဲ့ပြီးတော့ တည်ဆောက်နေတယ်လို့ ကျနော်တို့ကြားသိရတယ်၊ ဆိုတော့ အဲဒီမှာတိုက်ပွဲတွေ တော်တော်ပြင်းထန်နေတယ်လို့ ဒေသခံတွေကပြောကြတယ်။”

စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) ကြားတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း ပျက်စီးသွားတဲ့ လူနေအိမ်တချို့ (မေ ၂၁၊ ၂၀၂၄)

စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ အရပ်သားတွေ ထိခိုက်မှုတွေလည်း မကြာခဏ ကြုံနေရပါတယ်။ ဒီနေ့မနက်ပိုင်းကလည်း AAထိန်းချုပ်ထားတဲ့ ပုဏ္ဏာကျွန်းမြို့နယ် ကျွဲထိုးကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရတာရှိတယ်လို့ ဒေသခံက ပြောပါတယ်။

“ ဒီမနက်မှာပဲ အာရက္ခတပ်တော်AAက ထိန်ချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကျွဲထိုး ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒီနေ့မနက်မှာပဲ အရပ်သားတွေ ထိခိုက်တာရှိတယ်၊ လေကြောင်းပျံသန်းမှုကတော့ တော်တော်များများ မြို့နယ်တွေမှာ ရှိနေတယ်၊ အထူးသဖြင့်ကတော့ လက်ရှိထိုးစစ်ဆင်နေဆဲ မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှု လုပ်နေတာရှိတယ်၊ လက်နက်ကြီးကတော့ လှမ်းပစ်လို့ရတဲ့ နေရာတွေကို စစ်ကောင်စီက ဆက်တိုက်ပစ်နေတယ်လို့ပြောလို့ရတယ်။”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AAကြား ၇ လကျော်ကြာ တိုက်ပွဲတွေအတွင်း ရခိုင်ပြည်နယ်က မြို့နယ် ၉ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို ထိန်းချုပ်နိုင်ကြောင်း AA အဖွဲ့က ကြေညာထားပါတယ်။ ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခ နောက်ဆုံးအခြေအနေနဲ့ ထိခိုက်သေဆုံးမှုတွေအတွက် စစ်ကောင်စီက လတ်တလော တစုံတရာ သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ တိုက်ပွဲတွေကြောင့် အရပ်သား သေကြေထိခိုက်မှုတွေ တိုးလာနေတဲ့အပေါ် စိုးရိမ်ကြောင်း သတိပေးနေကြပါတယ်။

Your browser doesn’t support HTML5

ငပလီကမ်းခြေနဲ့ ရခိုင်ပြည်နယ် နေရာအချို့မှာ တိုက်ပွဲပြင်းထန်