ဒိုက်ဦးမြို့အနီး စစ်ရဟတ်ယာဉ် ပျက်ကျ၊ ၃ ဦးသေ

တပ်မတော်ရဟတ်ယာဉ်တစ်စီး ရာသီဥတုဆိုးရွားမှုကြောင့် ဒိုက်ဦးမြို့နယ် အတွင်း ပျက်ကျ (MOI)

ရာသီဥတုဆိုးရွားမှုကြောင့် ပဲခူးတိုင်း ဒိုက်ဦးမြို့နားမှာ တပ်မတော် ရဟတ်ယာဉ်တစ်စီး ပျက်ကျပြီး အရာရှိနဲ့ စစ်သည်တချို့ သေဆုံးသွားခဲ့ ပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ဒီကနေ့ မနက်ပိုင်းတုန်းက မိတ္ထီလာမြို့ကနေ မှော်ဘီမြို့ကို ပျံသန်းလာတဲ့ MI-2 အမျိုးအစား တပ်မတော် ရဟတ်ယာဉ်တစ်စီးဟာ ရာသီဥတု ဆိုးရွားမှုကြောင့်ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်နားအရောက် ဘောနီရေလှောင်တမံအနီး ဂုံညှင်းချောင်းတဝိုက် လျှိုထဲကို ထိုးဆင်းပျက်ကျသွားခဲ့ တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး လူမှုကွန်ယက်စာမျက်နှာမှာ တရားဝင်ဖေါ်ပြထားပါတယ်။ ပျက်ကျတဲ့နေရာဟာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်(၇၂) အနောက်ဘက်ခြမ်းမှာ ဖြစ်ပါတယ်။ အခုလို ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ရဟတ်ယာဉ်မှူး ဗိုလ်မှူး ရန်နိုင်ထူး၊ တွဲဖက် ရဟတ်ယာဉ်မှူး ဗိုလ်ကြီးထွန်းထွန်းနိုင်နဲ့ တပ်ကြပ်ကြီး တင်ထွန်းလွင်တို့ ၃ ဦး သေဆုံးသွားရပြီး ရဟတ်ယာဉ် ပျက်ကျတဲ့ အခြေအနေ အသေးစိတ်ကိုတော့ စုံစမ်းဆဲပဲလို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

ဒိုက်ဦးမြို့နယ် ရဲစခန်းကို VOA က ဆက်သွယ်မေးမြန်းရာမှာတော့ ကယ်ဆယ်ရှာဖွေရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေ သွားနေဆဲပဲလို့ ဖြေကြားခဲ့ ပါတယ်။

“ကျနော်တို့ အမြန်လမ်းအနောက်ဘက် ပါခင်ဗျ။ ဟုတ်ကဲ့ ပဲခူးရိုးမ ထဲပဲ ။

မေး။ ။ ဘယ်လိုအခြေအနေကြောင့် ပျက်တယ် သိရသလဲဆရာ။

အဲဒါကျနော်လည်း မပြောတက်ဘူးခင်ဗျ။ ကျနော်တို့လည်း အဆက်အသွယ်မရသေးဘူး။

မေး။ ။ ကယ်ဆယ်ရေး လုပ်နေပြီလားခင်ဗျ။

အဲဒါသွားကြတုန်း ခင်ဗျ ။ သွားကြတုန်းဆိုတော့ အဆက်အသွယ်ပြန်မရသေးဘူးခင်ဗျ ကျနော်တို့လည်း။ ဒီကိုပြန်မဆက်သွယ်သေးဘူးခင်ဗျ သွားကြတုန်းလေ အဲဒီကို လမ်းလျှောက် သွားရသေးတာကို ဟုတ်ကဲ့။”

ဒိုက်ဦးမြို့နားတဝိုက် လတ်တလော ရာသီဥတု ဆိုးရွားနေတဲ့ အခြေအနေကိုတော့ ဒေသခံ ဦးအောင်သွင်ဦးက ပြောပြပါတယ်။

“ရာသီဥတုနဲ့ ပတ်သက်လို့ ကျနော်တို့ဘက်မှာက တပတ်လောက်ရှိပြီ မိုးတော်တော်ပြင်းပြင်းထန်ထန် ရွာတာ။ ဒီနေ့ဆိုလို့ရှိရင် မနက်ခင်း ၉ နာရီဝင်းကျင်လောက်က ရွာတယ်။ မိုးရွာတယ်ဆိုတာ လူသူမမြင်လောက်ကို ရွာတာ။ လူမကွဲဘူးပေါ့ခင်ဗျ အရှေ့ကိုကြည့်လို့ မြင်ကွင်းက ပေ ၅၀- ၆၀ လောက်ဆိုရင် လူမကွဲချင်တော့ဘူးလေ။ ကားတွေလည်း တအားမိုးသည်းတဲ့အချိန်မှာ မီးဖွင့်ပြီးတော့ မောင်းရတဲ့အနေအထားမျိုး ၊ ပြင်းပြင်းထန်ထန်ရွာလိုက် ပြန်စဲလိုက် တခါတခါကျရင် ရုတ်တရက် လေပြင်းပေါ့ဗျာ အဲလိုစောင့်တိုက်တယ်။”

ပျက်ကျခဲ့တဲ့ တပ်မတော်ရဟတ်ယာဉ်ကို မိတ္ထီလာမြို့ လေတပ်စခန်းဌာနချုပ်မှာ အကြီးစား ပြင်ဆင်မှုတွေလုပ်ခဲ့ပြီး မြိတ်မြို့မှာရှိတဲ့ လေတပ် စခန်းကို ပို့ဆောင်ဖို့ ဒီကနေ့မနက် ၈ နာရီခွဲကျော်မှာ မိတ္ထီလာမြို့ကနေ စတင်မောင်းနှင်လာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် မနက် ၁၀ နာရီခွဲ လောက်မှာ တောင်ငူလေတပ်စခန်းမှာ ဆီဖြည့်ရပ်နားခဲ့ပြီး မနက် ၁၁ နာရီခွဲမှာ မှော်ဘီမြို့ကို ဆက်လက်ပျံသန်းစဉ် ရာသီဥတုဆိုးရွားမှု ကြောင့် လမ်းခုလတ်မှာ အခုလိုပျက်ကျပြီ မီးလောင်ပျက်စီးခဲ့တာဖြစ်ကြောင်း တပ်မတော်ရဲ့သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။

Your browser doesn’t support HTML5

ဒိုက်ဦးမြို့အနီး စစ်ရဟတ်ယာဉ် ပျက်ကျ၊ ၃ ဦးသေ